ဗိုင်းရပ်စ် ကန့်သတ်ချက်များ ချမှတ်ခဲ့မှုကြောင့် ထုတ်လုပ်မှုမှာ စက်တင်ဘာလတွင် နောက်ပြန် ဆုတ်သွားခြင်း ဖြစ်ပေါ်ခဲ့သည်။
အဓိက တွေ့ရှိချက်များ
(ဒေတာကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၁-၂၂ ရက်များတွင် စုစည်းခဲ့သည်)
IHS Markit ၏ နောက်ဆုံး PMI™စစ်တမ်းဒေတာအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရှိန်မြင့်လာမှုကို တိုက်ပွဲဝင်ရန် လော့ဒေါင်း အစီအစဉ်သစ်များစွာ ချမှတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍမှာ ပြင်းထန်စွာ ထိုးနှက်ခံခဲ့ရသည်။ ရန်ကုန်တိုင်းအတွင်းရှိ အဓိက စက်မှုဇုန်များ အပါအဝင် စက်ရုံများ ယာယီ ပိတ်ခဲ့ရမှုကြောင့် ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ နှစ်ရပ်စလုံးမှာ အရှိန်ရ ကျဆင်းလာခဲ့ပြီး အလုပ်နေရာများ လျှော့ချခံခဲ့ရပြန်သည်။
စက်တင်ဘာလတွင် လုပ်ငန်း အခြေအနေများ ဆိုးဝါးလာမှုက ဇူလိုင်နှင့် သြဂုတ်လကြား နာလန်ပြန်ထူမှု ကာလတိုကို ရုတ်တရက် အဆုံးသတ်ပစ်လိုက်သည်။
ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို တစ်ခုတည်းသော ကိန်းဂဏန်းအဖြစ် ပေါင်းစပ်ဖော်ပြပေးသည့် IHS Markit မြန်မာ့ထုတ်လုပ်မှု PMI အညွှန်းမှာ သြဂုတ်လ၏ ၅၃.၂ မှ စက်တင်ဘာတွင် ၃၅.၉ သို့ ကျဆင်းသွားခဲ့ခြင်းဖြင့် ခြုံပြောရလျှင် ထုတ်လုပ်မှု အခြေအနေ အရှိန်ရ ကျဆင်းမှုကို အချက်ပြနေသည်။
နောက်ဆုံး ဂဏန်းမှာ ၂၀၁၅ ဒီဇင်ဘာမှ စတင်ခဲ့သည့် စစ်တမ်းတွင် ဒုတိယ အနိမ့်ဆုံးဖြစ်ပြီး ဧပြီလ၏ ၂၉.၀ ထက်သာ မြင့်ပါသည်။
ထို့အပြင် တစ်လအတွင်း PMI ကျဆင်းမှု ၁၇.၃ မှာ မှတ်တမ်းထဲတွင် အများဆုံးဖြစ်ပြီး ဧပြီလ၏ ကျဆင်းမှု ၁၆.၃ ထက်ပင် များပါသည်။
PMI တွင်ပါဝင်သည့် အစိတ်အပိုင်း ငါးခုအနက် လေးခုမှာ စက်တင်ဘာလတွင် အနုတ်လက္ခဏာသဘော သက်ရောက်ခဲ့ကြပြီး ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန် တစ်ခုသာခြွင်းချက် ဖြစ်ခဲ့သည်။
ထုတ်လုပ်မှုနှင့် အော်ဒါ အသစ် နှစ်ရပ်စလုံး စစ်တမ်းသမိုင်းတွင် ဒုတိယအများဆုံးနှုန်းဖြင့် ကျဆင်းခဲ့ပြီး သက်ဆိုင်ရာ အညွှန်းများမှာ တစ်လအတွင်း ၂၈ မှတ်ကျော် ကျဆင်းခဲ့ခြင်းဖြင့် စံချိန်တင်ခဲ့သည်။ အလုပ်နေရာများနှင့် သိုလှောင်ထားသည့် ဝယ်ကုန်များ စာရင်းမှာ သုံးလနှင့် ခြောက်လအတွင်း အမြန်ဆုံးနှုန်းဖြင့် အသီးသီး ကျဆင်းခဲ့ကြသည်။
ကိုရိုနာဗိုင်းရပ်စ် အရှိန်ရ ကူးစက်လာမှုကြောင့် အဓိက ဒေသများရှိ စက်ရုံများကို ပိတ်ခဲ့ရ၍ ထုတ်လုပ်မှုမှာ စက်တင်ဘာလတွင် ပြင်းထန်စွာ ကျဆင်းခဲ့သည်။ ကျဆင်းမှုနှုန်းမှာ စစ်တမ်းသမိုင်းထဲတွင် ဒုတိယ အများဆုံး ဖြစ်ခဲ့ပြီး ဧပြီလ၏ ထိုးကျမှုထက် နည်းခဲ့ပါသည်။
စစ်တမ်းထဲ ပါဝင်ခဲ့ကြသည့် ကုမ္ပဏီ ထက်ဝက်ကျော် (၅၄%) တို့က ဧပြီလ၏ စံချိန်တင် ၈၁%နှင့် ယှဉ်ကြည့်လျှင် ထုတ်လုပ်မှု နည်းခဲ့ကြောင်း အစီရင်ခံကြသည်။
နွေဦး လော့ဒေါင်းနောက်ပိုင်း ထုတ်လုပ်မှု နာလန်ထူလာခဲ့သည့် သုံးလကြာကာလအပြီး နောက်ဆုံးကာလတွင် ကျဆင်းလာခြင်း ဖြစ်ပါသည်။
ကန့်သတ်ချက် အသစ်များကို ချမှတ်ခဲ့သည့် အကြားမှာ ဝယ်လိုအား တန့်နေခဲ့သည်။
ဇွန်- သြဂုတ်ကာလအတွင်း ထုတ်လုပ်မှု အသစ်တဖန် တိုးတက်လာခဲ့သည့် နောက်မှာ အလုပ်သစ်များ၏ ပမာဏ ကျဆင်းခဲ့ရာ စစ်တမ်း စတင်မှု နောက်ပိုင်း ဒုတိယ အများဆုံးနှုန်း ဖြစ်လာသည်။
ပြည်တွင်း ဈေးကွက်များမှ ဝယ်လိုအားသည် အထူး အားနည်းနေခဲ့ပြီး သြဂုတ်လတွင် တည်ငြိမ်နေခဲ့သည့် ပြည်ပ တင်ပို့ရေး အော်ဒါ အသစ်များပါ ယခုလတွင် ကျဆင်းလာခဲ့သည်။
အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်နှင့် ကာတာ နိုင်ငံများ အပါအဝင် အာရှ ဈေးကွက်များမှ ဝယ်လိုအား အားနည်းခဲ့ကြောင်း အစီရင်ခံကြသည်။
အလုပ်သစ်များ စက်တင်ဘာလတွင် တဟုန်ထိုး ကျဆင်းခဲ့ခြင်းနှင့်အတူ လက်ကျန် အလုပ်များပါ သုံးလအတွင်း အားအကောင်းဆုံးနှုန်းဖြင့် ကျဆင်းသွားပြီး ၁၂-လ အတွင်း ထုတ်လုပ်မှု မျှော်မှန်းချက်မှာ ဧပြီလမှစပြီး အားအနည်းဆုံးသို့ လျှောဆင်းသွားခဲ့သည်။
စက်တင်ဘာလတွင် စက်ရုံ အများအပြားကို ပိတ်ခဲ့ရ၍ အလုပ်သမားများသည် ၎င်းတို့၏ ဇာတိဒေသများသို့ ပြန်သွားကြရာ ကဏ္ဍထဲတွင် ခြုံပြောရပါက အလုပ်နေရာများ တဟုန်ထိုး နိမ့်ကျသွားခဲ့သည်။
သြဂုတ်လထဲတွင် ခုနစ်လအတွင်း ဝန်ထမ်းဦးရေ ပထမအကြိမ် တိုးလာမှု နောက်ပိုင်း ထိုသို့ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီ ၁၆% ခန့်တို့က လုပ်သားအင်အားကို လျှော့ချခဲ့ကြရာ ၂၀၂၀ ပြည့်နှစ် ဒုတိယ သုံးလပတ်မှ လွဲပြီး စစ်တမ်း၏ မည်သည့် ကာလထက်မဆို အများဆုံး ဖြစ်ခဲ့သည်။
ထည့်ကုန် ဝယ်ယူရေး လုပ်ငန်းများ စက်တင်ဘာလတွင် သိသာစွာ လျော့နည်းခဲ့ပြီး မတ်လမှစ၍ ထည့်ကုန်များ သိုလှောင်ထားမှုမှာ အားအကောင်းဆုံး နှုန်းဖြင့် ကျလာခဲ့သည်။
ကုန်ချော လက်ကျန်စာရင်းများမှာ လေးလအတွင်း အမြင့်ဆုံး အရှိန်ဖြင့် ကျဆင်းသွားသည်။
ငွေကြေးတန်ဖိုး ကျဆင်းမှု ဖိအားများမှာ စက်တင်ဘာလတွင် ဆက်ရှိနေခဲ့ပြီး ထည့်ကုန်ဈေးနှုန်းများမှာ ငါးလဆက်တိုက် ကျဆင်းခဲ့ကာ ရောင်းဈေးများကို စံချိန်တင်နှုန်းဖြင့် ဖြတ်တောက်ခဲ့ကြသည်။
သုံးသပ်ချက်
နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြသွားရာတွင် IHS Markit မှ စီးပွားရေး ညွှန်ကြားရေးမှူး Trevor Balchin ပြောကြားသွားသည်မှာ-
"ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အရှိန်ရ မြင့်မားလာခြင်းကို ထိန်းချုပ်ရန် လော့ဒေါင်း အစီအစဉ် အသစ်များ ချမှတ်ခဲ့ရ၍ စက်တင်ဘာလထဲတွင် မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍ အခြေအနေမှာ ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။ ကုမ္ပဏီအများအပြားတို့က လုပ်ငန်းများကို ယာယီ ပိတ်ခဲ့ရကြောင်းနှင့် အလုပ်သမားများ
၎င်းတို့၏ ဇာတိဒေသများသို့ ပြန်သွားခဲ့ကြရကြောင်း အစီရင်ခံကြရာ အစောပိုင်း ကပ်ရောဂါ ပထမလှိုင်းအတွင်းက မြင်ကွင်းများကို ထပ်မြင်လာရခြင်း ဖြစ်ပါသည်။
"ယခုအထိ သက်ရောက်မှုမှာ ဧပြီလတွင် မြင်ခဲ့ရသည့် လုပ်ငန်း အခြေအနေများ စံချိန်တင် ဆုတ်ယုတ်လာမှုကဲ့သို့ မပြင်းထန်ပါ။ သို့သော် တစ်လနှင့် တစ်လအကြား PMI အညွှန်းမှာ သြဂုတ်လ၏ ၁၅-လ တာကာလအတွင်း အမြင့်ဆုံး ၅၃.၂ မှနေပြီး ၃၅.၉ သို့ ၁၇ မှတ်ကျော် ထိုးကျသွားခဲ့သည်။
"ရန်ကုန်မြို့တွင် စက်တင်ဘာ လကုန်ပိုင်းအထိ နှစ်ပတ်ကြာ လော့ဒေါင်းကို ကြေညာလိုက်သည့်နောက်တွင် အာဏာပိုင်များ အနေနှင့် ကန့်သတ်ချက် အသစ်များကို မည်သည့်အချိန်တွင် လျှော့ချပေးလျက် ထုတ်လုပ်ရေးကဏ္ဍလုပ်ငန်းများ ပြန်ဖွင့်ခွင့်ပြုရန် ဆုံးဖြတ်ရာတွင် လာမည့် အပတ်များရှိ ရောဂါကူးစက်မှု အလားအလာများမှာ များစွာ အရေးပါမည်ဖြစ်သည်။
အောက်တိုဘာ PMI က လုပ်ငန်းများ ပြန်လည် ဦးမော့လာမှု သို့မဟုတ် ဆက်လက် ဆုတ်ယုတ်မှု ပထမဦးဆုံး လက္ခဏာများကို ပြသပေးပါမည်။
တွက်ချက်နည်း
IHS Markit မြန်မာ ထုတ်လုပ်မှု PMI™ ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့် အဖွဲ့တစ်ခုမှ ထည့်ကုန် ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများ အတွက် ရရှိသည့် ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ပါသည်။
ဤအဖွဲ့တွင် GDP အား ထောက်ပံ့မှုကို အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့်လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့သည်။
စစ်တမ်းအတွက် ဖြေကြားချက်များကို လစဉ် ဒုတိယ လဝက်ပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကို ညွှန်ပြပါသည်။
စစ်တမ်း၏ ကိန်းရှင်တိုင်း အတွက် ပျံ့နှံ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ ‘ပိုမြင့်သည့်’ ဖြေကြားချက်များ၏ ရာခိုင်နှုန်းနှင့် ‘အပြောင်းအလဲမရှိ’ဟု ဖြေခဲ့ကြသူတို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြား ရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြပြီး၊ ၅၀ အောက် ဆိုပါက ခြုံကြည့်လျှင် ကျဆင်းမှုကို ညွှန်ပြ ပါသည်။ ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။
အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း Purchasing Managers’ Index™ (PMI) ဖြစ်ပါသည်။
PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်-
၁။ အော်ဒါသစ်များ (၃၀%)၊
၂။ ထုတ်လုပ်မှု (၂၅%)၊
၃။ အလုပ်နေရာ (၂၀%)၊
၄။ ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့်
၅။ သိုလှောင်ထားသည့် ထည့်ကုန်များ (၁၀%)။
PMIကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်းများနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။
ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက် ညှိပေးရမည့်အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။
ဒေတာကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၂-၂၀ ရက်များတွင် စုစည်းခဲ့သည်။ PMI စစ်တမ်းအား တွက်ချက်နည်းဆိုင်ရာ နောက်ထပ် အချက်အလက်များ အတွက် ကျေးဇူးပြုပြီး [email protected] သို့ ဆက်သွယ်ပါ။
PMI အကြောင်း
ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိ အထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့် လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။
နောက်ထပ် လေ့လာလိုပါက hsmarkit.com/products/pmi.html သို့ ဝင်ရောက်ကြည့်ရှုပါ။
IHS Markit အကြောင်း
IHS Markit သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့် ဈေးကွက်များဆိုင်ရm အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီ ဖြစ်ပါသည်။
ကုမ္ပဏီသည် မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများကို စီးပွားရေး လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အစိုးရများရှိ သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည့်စုံ စိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်စေနိုင်ရန် နက်ရှိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။
IHS Markit ထံတွင် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာ ထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။
IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွှယ်မှုရှိသည့် အဖွဲ့အစည်များ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ်ဖြစ်ပါသည်။ အခြား ကုမ္ပဏီများနှင့် ထုတ်ကုန် အမည်များ အားလုံးတို့သည် သက်ဆိုင်ရာ ပိုင်ရှင်များ၏ အမှတ်တံဆိပ်များ ဖြစ်နိုင်ပါသည်။
By Aung Win