တရုတ်ကို တရားမဝင် ကျွဲနွားတင်ပို့မှုက နှစ်ဆလောက်ထိရှိနိုင်


07 May, 2019

တရုတ်ကို ကျွဲနွားတင်ပို့မှုမှာ ပြီးခဲ့တဲ့ တစ်နှစ်လုံး သုံးသိန်းလောက် တရားဝင်တင်ပို့ပြီး တရားမဝင် တင်ပို့တာတွေက နှစ်ဆလောက်အထိ ရှိနိုင်တယ်လို့ မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ်က ဆိုပါတယ်။

တရားဝင်တင်ပို့နေတာက တစ်ရက်ကို ၁၀,ဝဝဝ ကျော်လောက် ပျမ်းမျှတင်ပို့နေတယ်လို့ သိရပါတယ်။

တင်ပို့တဲ့သူတွေအတွက် အခက်အခဲကတော့ မူဆယ်လမ်းကြောင်းမှာဆို လက်နက်ကိုင်အဖွဲ့အစည်းတွေ အများကြီးရှိနေတဲ့အတွက် ဒါတွေကို ကျော်ဖြတ်ရတာတွေ ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (၁ ) ဒေါက်တာကျော်ထင်က တင်ပို့တဲ့ အချိန်မှာ အခက်အခဲလေးတွေရှိတယ်၊ အသက်နဲ့ရင်းရတာတွေလဲရှိတယ်၊ ကျွန်တော်တို့က ပေးထားတာပဲဖြစ်ဖြစ် တစ်ခုခုရှိပေမဲ့လဲ နွားကားတွေကို ပစ်ခတ်မှုတွေရှိလာတယ်လို့ ပြောပါတယ်။

နောက်အခက်အခဲတစ်ခုကတော့ ကျွဲနွားမွေးမြူရေးကို အရေးကြီးကုန်စည်တွေထဲကနေ မထုတ်သေးတဲ့အတွက် ဒါတွေကလည်း အခက်အခဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အရေးအကြီးဆုံးကတော့ မွေးမြူသူတွေ၊ တင်ပို့သူတွေအတွက် အရေးကြီးကုန်စည်ထဲက ကျွဲနွားကို ဖယ်ရှားပေးဖို့ လိုနေတာဖြစ်ပြီး လိုင်စင်စီစနစ်ကို ဖျက်ပြီးတော့ နိုင်ငံတကာမှာ သုံးနေတဲ့ တစ်ကောင်ချင်းပေးဆောင်ရတဲ့ စနစ်မျိုးသုံးလာဖို့ လိုတယ်လို့ ၎င်းကဆိုပါတယ်။

ဒါ့ပြင် ကျွဲနွားကို အကောင်လိုက် ရောင်းမယ်ဆိုရင်လဲ ပြည်တွင်းမှာ ဈေးကွက်ဖြစ်ဖို့ လိုပါတယ်၊ အကောင်လိုက်ရောင်းတာအပြင် ပြည်တွင်းမှာလဲ အသားဖျက်တဲ့ စက်ရုံတွေပေါ်လာဖို့ အားပေးဖို့လဲ လိုပါတယ်။ တစ်ချိန်ကျရင် အသားအနေနဲ့ တင်ပို့နိုင်အောင် အခုလဲ တင်ပို့နေတာတွေ ရှိပါတယ်လို့ ၎င်းက ပြောပါတယ်။

ဒါပေမဲ့လည်း တရားဝင်ပုံစံမျိုးမဟုတ်ဘဲ အဆင်ပြေသလို ပို့နေရတဲ့ ပုံစံဖြစ်တဲ့အတွက် ဒါကို တရားဝင်အသိအမှတ်ပြုပေးနိုင်ဖို့ လိုနေသေးတယ်လို့ ဆိုပါတယ်။

သားရေရော၊ အသားရော စနစ်တကျ လုပ်မယ်ဆိုရင် ပို့လို့ရတဲ့ အနေအထားမျိုးဖြစ်ပြီး တရုတ်နိုင်ငံကလည်း နယ်စပ်မှာ စက်ရုံတည်ထားတာ ရှိနေတဲ့အတွက် လိုအပ်ချက်လည်းရနေတယ်လို့ မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌက ဆိုပါတယ်။

တခြားနိုင်ငံအတွက် လိုအပ်ချက်တွေလည်းရှိတဲ့အတွက် အစိုးရအနေနဲ့ ကိုင်တွယ်ပြီးတော့ ပြည်တွင်းဈေးကွက်ဖြစ်လာရင် တောင်သူတွေအတွက် ပိုပြီးတော့ အဆင်ပြေမယ်ထင်တယ်လို့ ဆိုပါတယ်။

Kumudra

Export, Import Read 497 times