ပြည်ပလုပ်သား များများမြန်မြန် ဆောလျင်စွာရဖို့ တောင်ကိုရီးယား ကြိုးပမ်း


29 July, 2022

 ပြည်ပလုပ်သား များများမြန်မြန် ဆောလျင်စွာရဖို့ တောင်ကိုရီးယား ကြိုးပမ်း
  

COVID-19 ကပ်ရောဂါသည် လွန်ခဲ့သည့် ၂ နှစ်အတွင်း အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားများအပေါ် မှီခိုနေရသည့် တောင်ကိုရီးယားမှ စက်မှုလုပ်ငန်းငယ်များအဖို့  ပြင်းထန်သော  ထိုးနှက်ချက်တစ်ခုဖြစ်သည်။ အကြောင်းမှာ ကိုဗစ်ကာကွယ်တားဆီးရေး စီမံချက်များကြောင့်  SME များအတွက် မရမဖြစ် လိုအပ်နေသည့် ပြည်ပလုပ်သားများ ရောက်မလာနိုင်ကြချေ။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း ကိုရီးယားနိုင်ငံသို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေကြရသည့် နိုင်ငံခြားသား အလုပ်သမား ဦးရေ ၅၀,၀၀၀ ကျော်အထိ ရှိနေခဲ့သည်။ သူတို့ အလုပ်လုပ်ကိုင်ရန် ခွင့်ပြုမိန့် employment permit ရရှိထားပြီးသား ဖြစ်သည်။ ထိုသူတို့တွင် ၇၅ % ဝန်းကျင်သည် ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် လုပ်ကိုင်ကြမည့်သူများ ဖြစ်သည်။ 
ထို့ကြောင့် သင်္ဘောတည်ဆောက်သူများ၊ စက်ယန္တရားထုတ်လုပ်သူများနှင့် ကားထုတ်လုပ်သူများနှင့် လက်တွဲလုပ်ဆောင်နေသော အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) များ လုပ်သားရရှိစေရန်အတွက် အစိုးရက ပြည်ပလုပ်သားများ တောင်ကိုရီးယားသို့ အမြန်ရောက်ရှိနိုင်စေရန် ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ဖြေလျော့မှုများလည်း ပြုပေးသည်။ 

ကုန်သွယ်မှု၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် တရားရေး ဝန်ကြီးဌာနတို့က ဧပြီလတွင် E-7 ဗီဇာဆိုင်ရာ စည်းမျဉ်းများကို တစ်စိတ်တစ်ပိုင်း ဖြေလျှော့ပေးခဲ့ကြောင်း ကြေညာခဲ့ရာ ပြည်တွင်း သင်္ဘောတည်ဆောက်ရေး လုပ်ငန်းရှင်များ၏ ဆပ်ကန်ထရိုက်တာများအတွက် ဆေးမှုတ်ဆေးသုတ်သူများ၊ လျှပ်စစ်အင်ဂျင်နီယာများ၊ ဂဟေဆက် ကျွမ်းကျင်သူများ၊ စက်ရုံ အင်ဂျင်နီဘာများ အစရှိသည့် လုပ်သားများကို ပြည်ပလုပ်သား အချိုးအစား ပိုများများ လက်ခံပေးထားသည်။ 
 
အလုပ်အကိုင်နှင့် အလုပ်သမား ဝန်ကြီးဌာနသည် ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း ကိုရီးယားနိုင်ငံသို့ ပြည်ပလုပ်သား လစဉ် အနည်းဆုံး ၁၀,၀၀၀ ဦး ရောက်ရှိလာရန် ရည်မှန်းထားကြောင်း ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။
ထို့ပြင် employment permit ကို လုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ် တတိယစတုတ္ထသုံးလပတ်ကျမှ အပြီးသတ်ပြီး ထုတ်ပေးခြင်းအစား တတိယသုံးလပတ်တွင် ထုတ်ပေးရန် စီစဉ်နေသည်။ သို့ဖြစ်ရာ SME များ လုပ်သားပြတ်လပ်မှု ပြဿနာကို  စောနိုင်သမျှ ဆောလျင်စွာဖြင့် အမြန်ဆုံး ကျော်လွှားနိုင်စေမည် ဖြစ်သည်။ 

“သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး ဒီနှစ်ကုန်မှာ ကိုရီးယားနိုင်ငံကို နိုင်ငံခြားအလုပ်သမားတွေ များများဝင်ရောက်နိုင်စေဖို့အတွက် ကြိုးပမ်းမှုတွေ အရှိန်မြှင့်သွားမှာပါ” ဟု အလုပ်သမားဝန်ကြီး Lee Jung-sik က ပြောကြားခဲ့သည်။

သို့သော်လည်း SME လုပ်ငန်းများ ရင်ဆိုင်နေရသော လုပ်သားရှားပါးမှုကို ဖြေရှင်းရန် အစိုးရ၏ ဆောင်ရွက်မှုများသည် လုံလောက်သော ထိရောက်မှု ရှိ၊ မရှိကို မေးခွန်းထုတ်ကြသည်။

ဥပမာအားဖြင့် သင်္ဘောတည်ဆောက်ရေး ဆပ်ကန်ထရိုက်တာများသည် ၎င်းတို့၏ လုပ်သားအင်အား အချိုးအစားတွင် နိုင်ငံခြားသားများ၏ ပါဝင်မှု ၂၀ ရာခိုင်နှုန်း ထက် မကျော်စေရဟု သတ်မှတ်ပြဋ္ဌာန်းထားသည်ကို ဖျက်သိမ်းရန် အစိုးရအား တိုက်တွန်းထားသည်။

အခြားကုမ္ပဏီများမှ  ပိုမြင့်မားသောလုပ်ခလစာများ ပေးပြီး ပြည်ပလုပ်သားများကို ခေါ်ယူသွားသည်ကို သင်္ဘောတည်ဆောက်ရေး ဆပ်ကန်ထရိုက်တာများ ရင်ဆိုင်နေရသည်။ 


၂၀၁၆ ခုနှစ်တွင် တောင်ကိုရီးယား သင်္ဘောတည်ဆောက်ရေး လုပ်ငန်းကဏ္ဍ ကျဆင်းသွားပြီးနောက် သင်္ဘောကျင်းအလုပ်မှ ထွက်ကြရသည့် လုပ်သားများသည် ယခုအခါ သင်္ဘောတည်ဆောက်ရေး လုပ်ငန်း ပြန်လည်ကောင်းမွန်လာသော်လည်း လုပ်သားဟောင်းများ ပြန်ရောက်မလာကြချေ။ 

ဝန်ထမ်းဦးရေ ၅၀ အောက် အလုပ်ခန့်ထားသော ကုမ္ပဏီများတွင် နိုင်ငံခြားသား အလုပ်သမား အချိုးအစားအပေါ်  ကန့်သတ်ချက်သည် လက်ရှိ ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းသို့ တိုးပေးရန် SME များက တောင်းဆိုထားသည်။ 

ကိုရီးယားတွင် အလုပ်လုပ်သည့် လေးနှစ်နှင့် ၁၀ လတာ ကာလအတွင်း နိုင်ငံခြားအလုပ်သမားများ အလုပ်ပြောင်းခြင်း ၃ ကြိမ်ထက် ကျော်လွန်ပြီး  ရွှေ့ပြောင်းခြင်းမပြုရန် အစိုးရက တားမြစ်ထားဖို့ကိုလည်း တောင်းဆိုထားသည်။ ယခု လက်ရှိစည်းမျဉ်းမှာ ၅ ကြိမ်အထိ ပြောင်းရွှေ့နိုင်သည်။ 
ကုမ္ပဏီမှာ စတင်လုပ်ကိုင်ပြီး ခြောက်လာအကြာတွင် အခြားကုမ္ပဏီသို့ ပြောင်းရွှေ့သွားသည့် ပြည်ပလုပ်သားဦးရေသည် အလုပ်စဝင်သည့် ဦးရေစုစုပေါင်း၏ ထက်ဝက်နီးပါး ရှိနေသည်။

#MyanmarIndustriesGuide
Telegram Channel https://t.me/Guid4U

Labour Affairs Read 414 times