ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုုပ်နှံမယ့် လုပ်ငန်းများအနက် Project Proposal တင်ထားတဲ့ ထိုင်းနိုင်ငံအခြေစိုက် (ITERT) အဖွဲ့အစည်းမှ မွေးမြူရေးလုပ်ငန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
ရခိုင်ပြည်နယ် ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာထူးမင်းသိန်းက အခုနောက်ဆုံးအခြေအနေအရ ရခိုင်ရင်းနှီးမြှုုပ်နှံမှုပွဲမှာ EOI လက်မှတ်ထိုးတာ ၂၇ ခု ၊ Project Proposal နှစ်ခုနဲ့ MoU ထိုးတာတစ်ခု စုစုပေါင်း ၃၀ ရှိတယ်။ အဲဒီ Project Proposal နှစ်ခုထဲက ထိုင်းနိုင်ငံအခြေစိုက် (ITERT) အဖွဲ့အစည်းနဲ့ ထိုးတဲ့ Project Proposal ထဲမှာပါဝင်တဲ့ ပထမဆုံးအဆင့် ရခိုင်ပြည်နယ်မှာရှိတဲ့ ငါးပုဇွန် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သင်တန်းနဲ့ သုတေသနဆောင်ရွက်ဖို့ အစီအစဉ်ကို မေ ၈ ရက်နေ့က စတင်နေပါပြီ။
မေ ၈ ရက်နေ့နဲ့ ၉ ရက်နေ့မှာ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ စစ်တွေဟိုတယ်မှာ ပုဇွန်မွေးမြူရေးလုပ်ငန်းရှင် ၃၅ ယောက်လောက်ကို နှစ်ရက်သင်တန်းပေးတယ်။ လက်တွေ့ရှင်းပြတာတွေလုပ်တယ်။ ဒါတွေက လက်ရှိထပ်မံတိုး တက်လာတဲ့အခြေအနေပါ။ ။ Project Proposal အရ ပထမဦးဆုံးလုပ်မယ့် သင်တန်းတွေပေးခြင်းအားဖြင့် စတင်အကောင်အထည်ဖာ်နေပါပြီလို့ ပြောပါတယ်။
ရခိုင်ပြည်နယ်တွင် ဖေဖော်ဝါရီ ၂၂ ရက်ကပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်ရင်းနှီးမြှုုပ်နှံမှုပြပွဲအပြီးတွင် ဒေသတွင်းလုပ်ငန်းရှင်များနဲ့ ပြပွဲတက်ရောက်တဲ့ ပြည်တွင်း ပြည်ပရင်းနှီးမြှုုပ်နှံသူများ (B to B) ချိတ်ဆက်ကာ ရင်းနှီးမြှုုပ်နှံမူလုပ်ရန် စိတ်ဝင်စားကြောင်း ဖော်ပြတဲ့အဆင့် Expression of Interest (EOI) လက်မှတ်ရေးထိုးမှု ၃၀ ခုရှိပြီး အမေရိကန်ဒေါ်လာ ၅၂၄၉.၃၇ သန်းအထိ ရင်းနှီးမြှုုပ်နှံလာမယ်လို့ မျှော်မှန်းထားခဲ့ပါတယ်။
အဆိုပါ ရခိုင်ပြည်နယ်တွင်း ရင်းနှီးမြှုုပ်နှံရန်စိတ်ဝင်စားကြောင်း လက်မှတ်ရေးထိုးထားတဲ့ ကုမ္ပဏီ ၃၀ အား လုပ်ငန်းများဆောင်ရွက်နိုင်ရေး ဆက်လက်ဆွေးနွေးရန်ဖိတ်ကြားခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် ကုမ္ပဏီ ၂၀ ကျော်သာ တက်ရောက်နိုင်ခဲ့ပါတယ်။
ဧပြီ ၆ ရက်မှာ နားလည်မှုစာချွန်လွှာရေးထိုးနိုင်ရေး ရခိုင်ပြည်နယ်အစိုးရရုံး၌ ဆွေးနွေးခဲ့ကြပြီး နောက်ပိုင်းတွေ့ဆုံမှုများတွင် ကုမ္ပဏီတစ်ခုချင်းစီအလိုက်သာ လက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ အဆိုပါ ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုုပ်နှံမှုလုပ်ငန်းများအားလုံးကို မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှု ဥပဒေအရ ( ၇ ) နှစ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုမှာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပါတယ်။
“ နောက်ထပ်တော့ အဲဒီကုမ္ပဏီတွေတစ်ပြိုင်တည်းခေါ်ပြီးတော့ ညှိနှိုင်းဖို့တော့မရှိတော့ဘူး။ ကုမ္ပဏီတစ်ခုချင်းနဲ့ပဲ တင်လာတဲ့အပေါ်မှာ ဆွေးနွေးသွားမှာပါ။ နေက်ပိုင်းတွေမှာက အများနဲ့ခေါ်ပြီးဆွေးနွေးလို့မဖြစ်ဘူး။ အဲဒီတော့ လုပ်ငန်း Proposal အလိုက် အစိုးရအနေနဲ့ ညှိနှိုင်းဆွေးနွေးသွားမှာပါ” လို့ ဒေါက်တာထူးမင်းသိန်းက ဆက်လက်ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ ဟိုတယ်ကဏ္ဍနဲ့ အိမ်ယာတည်ဆောက်ရေးကဏ္ဍတို့မှာ ချိတ်ဆက်ဆောင်ရွက်ဖို့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမယ့်ကုမ္ပဏီများနဲ့ ဒေသတွင်းကုမ္ပဏီများအကြား (EOI) လက်မှတ်ရေးထိုးခဲ့ကြပေမယ့်လည်း လက်တွေ့ရင်းနှီးမြှုုပ်နှံမှု ဆောင်ရွက်တဲ့အခါ ပရောဂျက်အဆိုပြုလွှာများကို အသေးစိတ်ပြန်လည်ရေးဆွဲခြင်းနဲ့ ရေးဆွဲထားတဲ့ ပရိပိုဆယ်များကို အစိုးရသို့ ပြန်လည်တင်ပြခြင်းအပါအဝင် ရင်းနှီးမြှုုပ်နှံမှုကော်မရှင်ထံသို့ ခွင့်ပြုမိန့်တင်ခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။
The Myanmar Times