ကျွဲ၊ နွား မွေးမြူသူများ ချေးငွေရရှိရန်အကောင်အထည်ဖော်ဆောင်ရွက်နေ


25 May, 2018

ကျွဲ၊ နွား မှတ်ပုံတင်ပြုလုပ်ကာ အာမခံထားရှိပါက လွတ်လပ်စွာ ငွေချေးယူနိုင်မည့် စီမံကိန်းတစ်ခု ဖော်ဆောင်နေပြီဖြစ်ကြောင်း သိရပါသည်။

စင်ကာပူအခြေစိုက် Info Corp Technologies ၊ RGK+Z&A Group မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြန်မာ့အာမခံလုပ်ငန်းတို့ ပူးပေါင်း၍ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ရှိ ရွေးချယ်ထားသော ဒေသများတွင် နည်းပညာကို အသုံးပြု၍ တိရိစ္ဆာန်မှတ်ပုံတင်ပြုလုပ်ရန် စမ်းသပ်စီမံကိန်းတစ်ခု ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း သိရပါသည်။

ကျွဲ၊ နွား မှတ်ပုံတင်ပြုလုပ်ကာ အာမခံထားရှိခြင်းကြောင့် ၎င်းတို့တွင်ဖြစ်ပေါ်လာသည့် ကျန်းမာရေးထိခိုက်မှုအတွက် ကုသရေးနှင့် ရွှေ့ပြောင်းရေးလုပ်ငန်းများတွင်လည်း အထောက်အပံ့ကောင်းများ ရရှိနိုင်မည်ဖြစ်ကြောင်း Info Corp Technologies မှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

ထိုနည်းပညာသည် ကျေးလက်နေလူထုတွေကို ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးနေတာဖြစ်သောကြောင့် ကျေးလက်လူမှုဘ၀ တိုးတက်ဖို့အတွက် လမ်းစတစ်ခုဖြစ်တယ်လို့ မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

Technologies သည် ကျွဲ၊ နွားများကို အာမခံပစ္စည်းအဖြစ် လက်ခံအသုံးပြုသော ကမ္ဘာ့ပထမဆုံး platform ဖြစ်ကာ Sentinel Chain မှတစ်ဆင့် နယ်နိမိတ်များဖြတ်ကျော်ကာ ငွေကြေလုပ်ငန်းများကို အကောင်အထည်ဖော်လုပ်ဆောင်ပေးလျက်ရှိပြီး အဆိုပါ platform ကိုအသုံးပြု၍ ဘဏ်ချေးငွေများ ချေးယူခြင်း၊ အာမခံလုပ်ငန်းများတွင် အသုံးပြုနိုင်ပြီး ဘဏ်လုပ်ငန်းမရှိသည့် ကျေးလက်ဒေသများတွင် အရောင်းအဝယ်လုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုနိုင်ကြောင်း သိရပါသည်။

မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသော ချေးငွေကဏ္ဍများတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေအမျိုးအစားများစွာရှိသော်လည်း အတိုးနှုန်းမြင့်မားသည့်အတွက် တွက်ချေမကိုက်သည်ကို လေ့လာတွေ့ရှိရသောကြောင့် အဆိုပါအခြေအနေများကို လျှော့ချကာ အလားအလာကောင်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။

ပြည်တွင်းရှိ ကျွဲ၊ နွားများ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပကုမ္ပဏီများနှင့် အစိုးရဌာနများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ မြန်မာ့အာမခံလုပ်ငန်းနှင့် ပူးပေါင်း၍ ကျွဲ၊ နွားများ အာမခံထားခြင်းကို ဆက်လက်လုပ်ဆောင်ရန် ၂၀၁၈ ခုနှစ် မေလအတွင်း သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ ပုသိမ်ကြီးမွေးမြူရေးခြံ၊ နေပြည်တော်မွေးမြူရေးခြံ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ထီးဆောင်းမွေးမြူရေးခြံတို့တွင် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

Source: The Farmer

Local News Banking & Loan Read 783 times