သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေ ထုတ်ပြန်ကြေညာ


02 July, 2020

နိုင်ငံ၏စီးပွားရေးလုပ်ငန်းများ ပိုမိုအားကောင်းခိုင်မာလာစေရေး၊ အသေးစား၊အလတ်စားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်နိုင်စေဖို့  အားပေးမှုမြင့်တင်နိုင်ရေးအတွက် သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ 
ကာကွယ်ပေးမှု ဥပဒေတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်မှထုတ်ပြန်ခဲ့ပါသည်။


သွင်းကုန်ပမာဏမြင့်တက်ခြင်းဆိုသည်မှာ ပြည်တွင်းသို့တင်သွင်းလာသည့် ကုန်စည်တစ်မျိုးမျိုး၏ သွင်းကုန် ပမာဏသည်  ယင်းကုန်စည်နှင့် အလားတူကုန်စည် သို့မဟုတ် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သော ကုန်စည်၏ ပြည်တွင်း ထုတ်လုပ်မှုနှင့် နှိုင်းယှဉ်ခြင်း မပြုဘဲ ပကတိအားဖြင့်ဖြစ်စေ မြင့်တက်လာသည့်ပမာဏကို ဆိုသည်။
သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုကော်မတီ ဖွဲ့စည်းထားရှိပြီး ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌက ယင်းကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်မည်ဖြစ်ပါသည်။


သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေ၏ ရည်ရွယ်ချက်မှာ


ကုန်စည်တစ်မျိုး၏ သွင်းကုန်ပမာဏမြင့်တက်ခြင်းကြောင့် ပြည်တွင်းကုန်စည်ထုတ်လုပ်သူများကို ပြင်းထန်သောထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာပါက စနစ်တကျစုံစမ်းစစ်ဆေးနိုင်ရန်-


အချိန်ကာလတစ်ခုအတွင်း ပြည်တွင်းကုန်စည်ထုတ်လုပ်သူများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို အထောက်အကူဖြစ်စေရန်-


ဖြစ်ပေါ်လာသည့် ထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှုသည် သွင်းကုန်ပမာဏမြင့်တက်မှုနှင့် ကျိုးကြောင်းဆက်စပ်မှုရှိပါက ယင်းထိခိုက်နစ်နာမှုကို ကာကွယ်ကုစားနိုင်ရန် ယင်းသွင်းကုန်အပေါ် လုံလောက်သောကာကွယ်ပေးမှု အစီအမံကျင့်သုံးနိုင်စေရန်-စသည်တို့ဖြစ်သည်။

 

 

သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေ 

 

Export, Import Read 860 times