အများပိုင်ကော်ပိုရေးရှင်းလီမိတက်(MAPCO)နှင့် ပူးပေါင်း၍ လယ်ယာစီးပွားရေးဝန်ဆောင်မှုစင်တာများတည်ဆောက်


09 January, 2019

မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက်(MAPCO)နှင့် ပူးပေါင်း၍ လယ်ယာစီးပွားရေးဝန်ဆောင်မှုစင်တာများ တည်ဆောက်ရန် တရုတ်နိုင်ငံCITIC Construction က ကနဦးတွင် ကန်ဒေါ်လာ (၁၇)သန်း ရင်းနှီးမြုပ်နှံရန်အဆိုပြုထားကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလမှ ကျင်းပသော MAPCO၏ အထူး အထွေထွေအစည်းအဝေးနှင့် နှစ်ပတ်လည်အစည်းအဝေးမှသိရသည်။

“ကြီးမားတဲ့CITICကုမ္ပဏီက ကျွန်တော်တို့ဆီမှာပူးပေါင်းပြီးတော့ဆောင်ရွက်ဖို့အတွက် ပရီမီယံအမေ ရိကန်ဒေါ်လာ(၁၇)သန်းပေးအပ်ပါမယ်လို့အဆိုပြုထားတယ်။ လက်ရှိမှာအသေးစိတ်ဆွေးနွေးနေပါတယ်။ မကြာခင်မှာလဲ အကောင်အထည်ပေါ်လာမယ်လို့ယုံကြည်ပါတယ်” ဟု MAPCO၏ ဥက္ကဌဦးချစ်ခိုင်က ပြောသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတက် (MAPCO)နှင့် တရုတ်နိုင်ငံပိုင် CITIC Construction Groupတို့သည် ပြည်နယ်နှင့်တိုင်း(၁၀)ခုမှ မြို့နယ်(၃၃)ခု ၌ အသေးစား၊အလတ်စား၊ လုပ်ကွက်ငယ်တောင်သူများကို တစ်နေရာတည်းစုစည်း၍ ဝန်ဆောင်မှုပေးမည့်ဒေသပြုအခြေပြု လယ်ယာစီးပွားရေးဝန်ဆောင်မှုစင်တာ(Agribusiness Services Center)များကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ၂၀၁၇ခုနှစ်ဇူလိုင်လတွင် MOUလက်မှတ်ရေးထိုးထားခဲ့ခြင်းဖြစ်သည်။

“ဒေါ်လာ (၁၇)သန်းဆိုတော့ ချက်ချင်းစတင်လုပ်ကိုင်တဲ့ကနဦးပမာဏဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုစင်တာရဲ့စီမံကိန်းကကြီးမားတော့နောက်ပိုင်းမှာ ကန်ဒေါ်လာသန်း (၃၀၀) (၄၀၀) အထိ ရင်းနှီးမြုပ်နှံသွားဖို့ ရှိပါတယ်” ဟုမြန်မာနိုင်ငံလယ်ယာ စီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတက်မှအုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းအောင်က ပြောသည်။

နိုင်ငံတော်အစိုးရ၏ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွင်ပါဝင်မည့် လယ်ယာစီးပွားရေးဝန်ဆောင်မှှုစင်တာသည် တောင်သူလယ်သမားများအတွက် မျိုးကောင်းမျိုးသန့်ထုတ်လုပ်ခြင်းနှင့်ဖြန့်ဖြူးခြင်း၊ခေတ်မှီသိုလှောင်ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးသွင်းအားစုများရောင်းချပေးခြင်း၊ စက်မှုလယ်ယာ အဌား လိုက်ဝန်ဆောင်မှု၊ စပါးနှင့်ပြောင်းအခြောက်ခံပေးခြင်းလုပ်ငန်းနှင့် ကြိတ်ခွဲသန့်စင်ခြင်းလုပ်ငန်းများကို တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။

ဆန်စပါးကဏ္ဍတိုးတက်ရေးအတွက် တံတွေးဆန်စက်စီမံကိန်းကို ယခင်သဘောတူထားသည့် ဂျပန် နိုင်ငံMitsui & Cက ရင်းနှီးမြုပ်နှံမှုဆက်လက်လုပ်ကိုင်မည့်မဟုတ်ဘဲ CITICနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။ယင်းစီမံကိန်းအပြင် ကျိုက်လတ်၊ နေပြည်တော်၊ မြောင်းမြ၊ ကျောက်တော် မြို့နယ်ရှိ ဆန်စပါးလုပ်ငန်းများကို ပူးပေါင်းရင်းနှီးမြှုပ်နှံဆောင်ရွက်မည့် Myanmar China Rice Industry(MCRI) Project ကို CITIနှင့်တွဲဖက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Myanmar business today

Local News Read 323 times