အိန္ဒိယနိုင်ငံ၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် သွင်းကုန်အချို့အပေါ် အခွန်နှုန်းထား တိုးမြှင့်ဖွယ်ရှိခြင်း


25 January, 2021

အိန္ဒိယနိုင်ငံအစိုးရသည် လာမည့် ဧပြီလမှစတင်မည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် စမတ်ဖုန်းများနှင့် အီလက်ထရွန်းနစ်ထုတ်ကုန်များ အပါအဝင် အချို့သော သွင်းကုန်ပစ္စည်း အမျိုးပေါင်း ၅၀ ကျော်အပေါ် အခွန်ကောက်ခံမှုအား ၅% မှ ၁၀% အထိ တိုးမြှင့်ဖွယ်ရှိသည်ဟု အမည်မဖော်ပြလိုသော အစိုးရဌာနဆိုင်ရာ အရာရှိ ၃ ဦးမှ ရိုက်တာသတင်းဌာနသို့ ၁၈-၁-၂၀၂၁ နေ့တွင် ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။ 

ထိုသို့ သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံရန် စီစဉ်မှုသည် ပြည်တွင်းကုန်ထုတ်လုပ်မှုမြှင့်တင်လျက် ကိုယ်ပိုင်စွမ်းအားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် ဟူသော ရည်မှန်းချက်အား အကောင်အထည်ဖော်ဆောင်မှု၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း၊

သွင်းကုန်အပေါ် အခွန်နှုန်းထားတိုးမြှင့် မှုမှ ဘဏ္ဍာငွေ ရူပီး ၂၀၀ မှ ၂၁၀ ဘီလီယံ အထိ ထပ်ဆောင်းရရှိပြီး COVID-19 ကပ်ရောဂါ အကျပ်အတည်းကြောင့် စီးပွားရေးကျဆင်းနေမှုကို ကျားကန်ပေးနိုင်ရန် အိန္ဒိယ အစိုးရက မျှော်မှန်းထားကြောင်း၊

ယခုစီစဉ်နေမှုသည် အိန္ဒိယနိုင်ငံသို့ ပရိဘောဂပစ္စည်းများ တင်သွင်းသည့် Ikea နှင့် လာမည့်နှစ်၌ လျှပ်စစ် မော်တော်ယာဉ်များ တင်သွင်းမည့် Tesla ကဲ့သို့သော ကုမ္ပဏီများအပေါ်သို့လည်း သက်ရောက်မှုရှိမည်ဖြစ်ကြောင်း၊

အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းကို ထုတ်ပြန်ခြင်းမပြုမီ ယခုအဆိုပြုချက်များမှာ ပြောင်းလဲမှု ရှိနိုင်ကြောင်း၊

သို့ရာတွင် သွင်းကုန်ခွန် တိုးမြှင့်ခြင်းသည် ဒေသခံလုပ်ငန်းရှင်များအား အထောက်အကူဖြစ်စေသကဲ့သို့ အိန္ဒိယအား ကုန်ထုတ်လုပ်ငန်း များ၏ ခရီးပန်းတိုင်အဖြစ် မြှင့်တင်ရာတွင်လည်း အရေးပါသည့် ကိစ္စရပ်ဖြစ်ကြောင်းဖြင့် Economic Times သတင်းဌာနက ဖော်ပြပါသည်။

ယခင်နှစ်၌ အိန္ဒိယအစိုးရက ရသုံးမှန်းခြေငွေစာရင်းထုတ်ပြန်ရာတွင် ပရိဘောဂပစ္စည်းများ၊ ခြေနင်းအသုံးအဆောင်များ၊ ကလေးကစားစရာများနှင့် လျှပ်စစ်ပစ္စည်းများ အပါအဝင် ကုန်စည်အချို့အပေါ် သွင်းကုန်အခွန်အား ၂၀% အထိ တိုးမြှင့်ခဲ့ပါသည်။

myantrade

Export, Import Global News Read 714 times