စက်မှုဇုန်စီမံကိန်းများ နှစ်နှစ်အတွင်းတည်ဆောက်ရန်အချက် အတွေ့အကြုံမရှိသူများ အခက်တွေ့နိုင်


09 May, 2019

၂၀၁၉ ခုနှစ် စက်မှုဇုန်ဥပဒေကြမ်းပါ တည်ဆောက်ပြီးစီမံကိန်း နှစ်နှစ်အတွင်းမပြီးပါက ထက်ဝက်တန်ဖိုးဖြင့် ပြန်သိမ်းယူပြီး လုပ်ကိုင်မယ့်သူကို လွဲပြောင်းပေးမည်ဆိုတဲ့ အချက်မှာ အတွေ့အကြုံမရှိသူများအတွက် အခက်တွေ့နိုင်ကြောင်း စက်မှုဇုန်လုပ်ငန်းရှင်အချို့က သုံးသပ်ထားပါတယ်။

အဆိုပါ စက်မှုဇုန်ဥပဒေကြမ်းရဲ့ ပုဒ်မ ၃၇ (ခ) မှာ စက်မှုဇုန်အတွင်းရှိမြေကွက်များအား လက်ရှိရယူထားပြီး လုပ်ငန်းလုပ်ကိုင်ခြင်းမရှိတဲ့ မြေကွက်များကို ဥပဒေပြဌာန်းတဲ့နေ့မှ လုပ်ငန်းစီမံချက်တင်ပြပြီး အတည်ပြုချက်ရယူရမယ်လို့ ဖော်ပြထားပါတယ်။

တင်ပြသောစီမံကိန်းကို နှစ်နှစ်အတွင်း ပြီးစီးအောင်လုပ်ကိုင်ခြင်းမရှိပါက ဒေသဆိုင်ရာကော်မတီက သတ်မှတ်တဲ့ မြေကို ကာလတန်ဖိုးရဲ့ (၅၀) ရာခိုင်နှုန်းဖြင့် ပြန်လည်သိမ်းဆည်းပြီး အမှန်တကယ်လုပ်ငန်းလုပ်ကိုင်မယ့် လုပ်ငန်းရှင်တွေကို လွှဲပြောင်းပေးမယ်လို့ ရေးသားထားပါတယ်။

အမည်မဖော်လိုသူ စက်မှုဇုန်ဥက္ကဋ္ဌ တစ်ဦးက “ဥပဒေပညာရှင်တွေ ကောင်းမယ်ထင်လို့ လုပ်တာပဲလေ။ အဓိကက လက်တွေ့နဲ့ပေါင်းစပ်ဖို့ပဲလိုတယ်။ လုပ်ဖူးတဲ့သူက အခက်အခဲမရှိပေမယ့် မလုပ်ဖူးတဲ့သူက အခက်အခဲအများကြီးရှိနိုင်တယ်။ တစ်နှစ်၊ နှစ်နှစ်ဆိုတာ မြေပုံမြေရာကျဖို့ ဆောက်လုပ်ရေးဆောက်ဖြစ်ဖို့ကပဲ တစ်နှစ်က ကုန်နေပြီဗျာ။ Project တွေက အခုတင် အခုကျလို့ တစ်နှစ်အတွင်းပြီးရင်တော့ ပြီးသွားနိုင်တာပေါ့နော်” လို့ပြောပါတယ်။

ဆောင်ရွက်ရမယ့် အခြားသော စာရွက်စာတမ်းလုပ်ငန်းများမှာ ကြန့်ကြာမှုမရှိရန်နဲ့ လွယ်ကူရှင်းလင်းရန် လိုအပ်မယ်လို့ ဆိုပါတယ်။ စက်မှုဇုန်ဥပဒေရေးဆွဲနေသည်မှာ အချိန်ကြာနေပြီဖြစ်ပြီး အဆိုပါအချက်ကို ဥပဒေတွင် အတည်ပြုပြဌာန်းလာပါက ဖြစ်သင့်ကြောင်း မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း၏ ဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းက သုံးသပ်ထားပါတယ်။

ဒေါက်တာ အောင်သိန်းက “နှစ်နှစ်ဆိုတာ စဆောက်ရမှာလား ပြီးအောင်လုပ်လုပ်ရမှာလား အဲဒီနှစ်ခုက မရှင်းဘူး။ ပြီးအောင်လုပ်ကိုင်ရမယ်ဆိုရင် တစ်ဖက်ကပြောတဲ့ ဆောက်လုပ်ခွင့်လိုင်စင်လို့ တခြားလိုအပ်ချက်တွေလုပ်တာက အချိန်ဘယ်လောက်ကုန်မလဲအပေါ် မူတည်တာပေါ့နော်။ ဒီအတိုင်းဆို ဆေက်လုပ်ခွင့်က (၆) လ၊ ဆောက်တာက (၁) နှစ်ခွဲ၊ တခြား Transformer မီး၊ နှစ်နှစ်ဆိုရင်တော့ ဝင်ပါတယ်။ တစ်ခုခုမှာ လွဲချော်သွားခဲ့မယ်ဆိုရင်တော့ မဝင်တော့ဘူးပေါ့” လို့ ပြောပြပါတယ်။

သို့သော်လည်း ယင်းအချက်ကိုပြဌာန်းပါက လုပ်ကိုင်ရမည့်သူများ အခက်တွေ့နိုင်ပြီး လုပ်ငန်းလုပ်ကိုင်ရလွယ်ကူတဲ့ အာဖရိကနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံသူများ ပြောင်းရွေ့နိုင်ကြောင်း အမည်မဖော်လိုသူ စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက ပြောထားပါတယ်။

အထက်ပါ ပုဒ်မ ၃၇ (ခ) ရဲ့ ပြဌာန်းချက်ကို လိုက်နာမှုမရှိခဲ့ပါက ငွေဒဏ်ကျပ်သိန်း (၂၀) ချမှတ်ရမည့်အပြင် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမယ်လို့ ဥပဒေကြမ်း၏ ပုဒ်မ ၆၇ မှာ ဖော်ပြထားပါတယ်။

ယင်း ၂၀၁၉ ခုနှစ် စက်မှုဇုန်ဥပဒေကြမ်းကို နိုင်ငံပိုင်သတင်းစာများမှာ မေလ (၃) ရက်နေ့မှစ၍ ဖော်ပြထားခဲ့ပြီး အကြံပြုလိုသည်များကို ပြည်ထောင်စုလွှတ်တော်သို့ လိပ်မူကာ ပေးပို့နိုင်တယ်လို့ ရေးသားထားပါတယ်။

BE News

Local News Read 425 times