မန္တလေးတိုင်းအတွင်း လျှပ်စစ်ဓာတ်အားတည်ငြိမ်စွာသုံးစွဲနိုင်ရန် အစိုးရမှအင်တိုက်အားတိုက်ဆောင်ရွက်နေ


30 March, 2018

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းသည် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများ ဗို့အားတည်ငြိမ်ပြည့်ဝစွာဖြင့် စဉ်ဆက်မပြတ် သုံးစွဲခွင့်ရရှိရေးအတွက် ဓာတ်အားခွဲရုံများ အသစ်တည်ဆောက်ခြင်း၊ ထရန်စဖော်မာများ တိုးချဲ့တည်ဆောက်ခြင်း၊ ဝန်အားတိုးမြှင့်တပ်ဆင်ခြင်း၊ ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီနှင့် ဝ ဒသမ ၄ ကေဗွီ ဓာတ်အားလိုင်းများ အသစ်တည်ဆောက်ဆွဲသားခြင်း၊ ရှုပ်ထွေးဆားဗစ်ကြိုးများ ရှင်းလင်းရန်အတွက် ဓာတ်အားလိုင်း တိုးချဲ့တည်ဆောက်ခြင်း၊ လိုင်းကြိုးအသေးများကို အကြီးများဖြင့် လဲလှယ်တပ်ဆင်ခြင်း၊ အချို့နေရာများတွင် ACSR Open Wire များကိုABC Cable များဖြင့် အစားထိုး လဲလှယ်ပေးခြင်း စသည့် လုပ်ငန်းများအား အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအနက် မန္တလေးခရိုင် ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်နှင့် အများပြည်သူသို့ ဓာတ်အားဖြန့်ဖြူးပေးထားသည့် 132/ 33 / 11KVစက်မှု ဇုန် ၂ ဓာတ်အားခွဲရုံ၌ 132 / 11KV ၊ 45 MVAထရန်စဖော်မာအသစ် ထပ်မံတိုးချဲ့တပ်ဆင်ဓာတ်အားပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ ယခု အခါ တည်ဆောက် တပ်ဆင်ရေးလုပ်ငန်း များ ရာနှုန်းပြည့်ပြီးစီး၍ မတ် ၂၆ ရက် မွန်းလွဲ ၃ နာရီမှ စတင်ဓာတ်အား ဆက်သွယ်ဖြန့်ဖြူးနေပြီ ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ ဓာတ်အားခွဲရုံ၌ ယခင်က 132/11KV၊ 18 MVA ထရန် စဖော်မာ တစ်လုံး၊33/11KV(20 +15) ထရန်စဖော်မာ နှစ်လုံး စုစုပေါင်း ထရန် စဖော်မာ သုံးလုံး တပ်ဆင်ဝန်အား 53 MVA ဖြင့် ဓာတ်အားဖြန့်ဖြူးပေး ထားခြင်းဖြစ်ပြီး ယခု ထပ်မံတိုးချဲ့ တည်ဆောက်သည့် 132 / 11KV၊ 45 MVA ထရန်စဖော်မာမှ ဓာတ်အား ဖြန့်ဖြူးပေးခြင်းကြောင့် မြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများ၊ စက်မှုဇုန်မှ အကြီးစား၊ အလတ်စားနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်ပြည့်ဝစွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

Source: MOI

Local News Read 510 times