၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် စားသုံးသူဈေးဆနှုန်း (CPI) ၁၄၈ ဒသမ ၉၅ ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၈ ဒသမ ၃၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံး သူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေအရ သိရသည်။၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းမှာ အစားအစာ အုပ်စုအတွက် ၁၆၃ ဒသမ ၀၉၊ အစားအစာမဟုတ်သောအုပ်စုအတွက် ၁၂၉ ဒသမ ၀၅ နှင့်အုပ်စုအားလုံး အတွက် ၁၄၈ ဒသမ ၉၅ ရှိပြီး ပြီးခဲ့သည့် ၂၀၁ရခုနှစ် နိုဝင်ဘာလတွင် ဖြစ်ပေါ်ခဲ့သောစားသုံးသူဈေးဆနှုန်း ၁၃၇ ဒသမ ၅၀ နှင့် နှိုင်းယှဉ်ပါက ၈ ဒသမ ၃၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
ယခင်နှစ်ကာလတူထက် စားသုံးသူ ဈေးဆနှုန်းမြင့်တက်လာခြင်းမှာ စားသုံးသူ ဈေးဆနှုန်းတွက်ချက်ရန် ကောက်ခံသည့် အုပ်စုအားလုံးတွင် ပါဝင်သည့် ကုန်ပစ္စည်း ဈေးနှုန်းများ ယခင်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလအထိ တစ်နှစ် တာကာလအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းကို လေ့လာပါက ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ၁၃၈ ဒသမ ၂၉ ရှိရာမှစ၍ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ၁၃၉ ဒသမ ၅၁ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လတွင် ၁၃၉ ဒသမ ၁၁ သို့ကျ ဆင်းခဲ့သော်လည်း ၂၀၁၈ ခုနှစ်ဧပြီလမှစ၍ ပြန်လည်မြင့်တက်လာခဲ့ကြောင်း၊ ဇွန်လမှစကာ မိုးများစွာရွာသွန်းခဲ့ပြီး သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်နေသောကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ ကုန်စည်ဈေးနှုန်းများ ဆက်လက်မြင့်တက်လာခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ်တင်ပြထားသည်။
၂၀၁၈ ခုနှစ်နိုဝင်ဘာလတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ဖြစ်ပေါ်ခဲ့သော စားသုံးသူဈေးဆနှုန်းများကိုကြည့်ပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့ကြီးသုံးမြို့တွင် ယခင်လနှင့်နှိုင်းယှဉ်ပါက ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အနည်းငယ်ကျဆင်းခဲ့ပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် မြင့်တက်ခဲ့ကြောင်း သိရသည်။ ပြောင်းလဲမှုရာခိုင်နှုန်းအနေဖြင့် ကယားပြည်နယ်တွင် ၁ ဒသမ ၉၇ ရာခိုင်နှုန်းဖြင့်ပြောင်းလဲမှု အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်တိုင်းဒေကြီးတွင် ၀ ဒသမ ၁၄ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုအနည်းဆုံး ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ်တင်ပြထားသည်။
တစ်နိုင်ငံလုံးအတွက် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်းအမျိုးအစားများမှာ အများသုံးစွဲသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးအစားပေါင်း ၄၃၈ မျိုးပါဝင်ကြောင်း သိရသည်။ စားသုံးသူ ဈေးဆနှုန်းတွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုး နှင့် အစားအစာမဟုတ်သော အုပ်စုတွင် ကုန်ပစ္စည်းအမျိုးအစား ၁၆၆ မျိုးရွေးချယ်ခဲ့ပြီး စုစုပေါင်း ၂၇၄ မျိုးသို့ တိုးချဲ့ကောက်ယူတွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ထားမှုအရ သိရသည်။
တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူဈေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၈ခုနှစ် နိုဝင်ဘာလအထိ တစ်နှစ်ပျမ်းမျှ ၆ ဒသမ ၆၆ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ပြောင်းလဲမှုကိုနှိုင်းယှဉ်ပါက (Year on Year Inflation) မှာ ၈ ဒသမ ၃၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
Eleven