စိုက်ပျိုးရေးလုပ်ငန်းများ နိုင်ငံခြားသားခေါ်ယူမှုအပေါ် ဝင်ငွေခွန်ကောက်ခံမည်


24 August, 2018

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်း ဖရဲ၊ သခွားစိုက်ပျိုးရေးလုပ်ငန်းများတွင် နိုင်ငံခြားသားခေါ်ယူ အသုံးပြုမှုများကို ဝင်ငွေခွန် ကောက်ခံသွားမည်ဖြစ်ကြောင်းဘုတလင်မြို့နယ်အခွန်ဦးစီးဌာနမှ သိရသည်။

ဘုတင်လင်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် နိုင်ငံခြားသားများ ခေါ်ယူအသုံးပြုလာသည်မှာ ၅ နှစ်ဝန်းကျင်ခန့် ရှိနေပြီဖြစ်သော်လည်း နိုင်ငံခြားသားများ၏ ဝင်ငွေခွန် ကောက်ခံမှုကို ၂၀၁၇ – ၁၈ဘဏ္ဍာနှစ်မှ စတင်ကောက်ခံမည်ဟု သိရသည်။

“နိုင်ငံခြားသားတွေက ရင်းနှီးမြှုပ်နှံမှုအနေနဲ့ လာတာမဟုတ်ဘူး။ နိုင်ငံသားကုမ္ပဏီက ရင်းနှီးမြှုပ်နှံတာပါ။ ပညာရှင်အနေနဲ့ လာတာဖြစ်တယ်၊ သူတို့ရဲ့ရရှိတဲ့လစာအပေါ်ကနေ ဝင်ငွေခွန်ကောက်ခံမှာပါ။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ကုမ္ပဏီက ဝန်ထမ်း တရုတ်နိုင်ငံသားတွေနဲ့ပတ်သက်ပြီး လစာဝင်ငွေခွန် ဆောင်ထားတာမရှိဘူး။ ဒါကြောင့် ဒီနှစ်အတွက်ပါ ပေါင်းပြီး ပြန်ကောက်ဖို့ အစီအစဉ်ရှိပါတယ်။ ဒီလိုလုပ်တဲ့အတွက် သူတို့ နိုင်ငံသားတွေ အနေနဲ့ တရားဝင်အခွန်ဆောင်တဲ့အတွက် ငွေဖြူရတာပေါ့” ဟု ဘုတလင်မြို့နယ် အခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းစိုးဝင်းက ပြောသည်။

အဆိုပါ ဝင်ငွေခွန်ကောက်ခံရခြင်းမှာ ဘုတလင်မြို့နယ်၏ အခွန်လျာထားချက် မြင့်တက်လာစေရန်၊ GDP မြင့်တက် လာစေရန်၊ မြို့နယ်ဖွံ့ဖြိုးရေးနှင့် စီမံကိန်းလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

“အဲဒီလိုကောက်ခံလို့ရမယ်ဆိုရင် မြို့နယ်ရဲ့ အခွန်လျာထားချက်တွေ တက်လာမယ်၊ ပြီးရင် GDP တွေ တက်လာမယ်၊ မြို့ နယ်ဖွံ့ဖြိုးရေးနဲ့ စီမံကိန်းလုပ်ငန်းတွေအတွက် ရန်ပုံငွေက GDP ရဲ့ အချိုးအပေါ်မှာ မူတည်ပြီး ချပေးတာဖြစ်တယ်။ အခွန်တွေသာ ရလာမယ်ဆိုရင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေတွေ ပိုရလာမယ်၊ အထောက်အကူတခုလည်း ဖြစ်လာမှာပါ” ဟု ဦးသန်းစိုးဝင်းက ဆက်လက်ပြောသည်။

ဘုတလင်မြို့နယ်အတွင်း၌ ဘိုမြင့်သူစိုက်ပျိုးရေးကုမ္ပဏီက ဖရဲ၊ သခွားစိုက်ပျိုးရေး အဓိကလုပ်ဆောင်နေပြီး နိုင်ငံခြားသား စိုက်ပျိုးရေး ပညာရှင်များကိုလည်း ခေါ်ယူမှုရှိကြောင်း၊ အဆိုပါစိုက်ပျိုးမြေများကို ဒေသခံ တောင်သူများထံမှ ငှားရမ်း စိုက်ပျိုးနေခြင်းဖြစ်ပြီး ဒေသခံတောင်သူများက ကိုယ်တိုင်စိုက်ပျိုးမှု ထွက်ကုန် သီးနှံထက် ပိုမိုရရှိသော ဈေးနှုန်းများဖြင့် ငှားရမ်းပေးနေကြကြောင်း သိရသည်။

“ကျနော်တို့ ကုမ္ပဏီအနေနဲ့ နိုင်ငံခြားသား စိုက်ပျိုးရေး ကျွမ်းကျင်ပညာရှင်အဆင့်တွေကို Business Visa နဲ့ တရားဝင် ဖိတ်ခေါ်ပြီးတော့မှ စိုက်ပျိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်ပါတယ်။ အဓိကစိုက်ပျိုးတာက ဖရဲနဲ့ သခွားပါ၊ သူတို့တွေကို လစာအနေအထားနဲ့ တလကို ၅ သိန်းဝန်းကျင်ပေးပြီးတော့မှ ကုန်ကျစားရိတ်နဲ့ သွားရေး လာရေး နေရေးထိုင်းရေးတွေက အစ တာဝန်ယူပေးထားပါတယ်” ဟု ဘိုမြင့်သူ စိုက်ပျိုးရေးကုမ္ပဏီ၏ ဘုတလင်မြို့နယ် တာဝန်ခံ ဦးမောင်ဝင်းက ပြောသည်။

ဘိုမြင့်သူစိုက်ပျိုးရေး ကုမ္ပဏီအနေဖြင့် ၂၀၁၇ ခုနှစ်အတွင်းက ဘုတလင်မြို့နယ် အတွက် တရုတ်နိုင်ငံမှ စိုက်ပျိုးရေးပညာရှင် ၁၃ ဦး ခေါ်ယူအသုံးပြုထားပြီး အဆိုပါ နိုင်ငံခြားသားများအတွက် ဝင်ငွေခွန်ပေးဆောင်ရန် ညွှန်ကြားချက်များကို ထုတ်ပြန် ပေးထားပြီး ဖြစ်ကြောင်း ဘုတလင်မြို့နယ် အခွန်ဦးစီးဌာနမှ သိရသည်။

“ကုမ္ပဏီအနေနဲ့က မူဆယ်မှာ စည်းကြပ်မှု ခံယူတာကြောင့် ကျနော်တို့မြို့နယ်က စည်းကြပ်မှုတော့ လုပ်လို့ မရဘူး၊ ကြိုတင်ခွန်တော့ ကောက်လို့ရတယ်။ နောက် ကုမ္ပဏီအနေနဲ့ လုပ်ငန်းအပေါ်မှာ မူတည်ပြီး ၂၀၁၈-၁၉ အတွက် ထိုက်သင့်တဲ့ ကြိုတင်ခွန် ကောက်ခံသွားမယ်။ ကုမ္ပဏီက အပြီးသတ် စည်းကြပ်မှုကိုတော့ မူဆယ်မှာပဲ ခံယူရမှာပါ” ဟု ဦးသန်းစိုးဝင်းက ဆက်လက် ပြောသည်။

ဘိုမြင့်သူစိုက်ပျိုးရေးကုမ္ပဏီသည် ကုမ္ပဏီစတင်တည်ထောင်စဉ်အချိန်ကတည်းက နိုင်ငံတော်သို့ ပေးဆောင် ရမည့် အခွန်များကို တရားဝင်ပေးဆောင်ထားပြီးဖြစ်သကဲ့သို့ နိုင်ငံခြားသား အလုပ်သမားများနှင့် ပတ်သက်၍ တရားဝင် ပေးဆောင်ရန် လိုအပ်လာပါက ထပ်မံ ပေးဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။

ဘိုမြင့်သူ စိုက်ပျိုးရေးကုမ္ပဏီသည် ဘုတလင်မြို့နယ်အတွင်း၌ ၂၀၁၇-၁၈ဘဏ္ဍာနှစ် အတွင်းက စိုက်ဧက ၃၀၀ ခန့် စိုက်ပျိုးခဲ့ပြီး ယခုဘဏ္ဍာနှစ်အတွင်း၌ ဧက ၄၅၀ ခန့် စိုက်ပျိုးသွားမည်ဖြစ်ကာ နိုင်ငံခြားသား စိုက်ပျိုးရေး ပညာရှင်များကိုလည်း ထပ်မံတိုးမြှင့် ခေါ်ယူအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

Source:irrawaddy

Local News Taxation Read 552 times