လက်ရှိ ဘဏ္ဍာနှစ်အတွင်း ပို့ကုန်ပမာဏ တိုးမြှင့်ရရှိထား


26 September, 2018

လက်ရှိဘဏ္ဍာနှစ် ကြားကာလ သြဂုတ်လအထိ ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံခန့်ရှိပြီး ကာလတူ နှိုင်းယှဉ်ချက်များအရ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂ဒသမ၃ ဘီလီယံခန့် ပိုမိုတိုးမြင့်လာသည့်အတွက် ပို့ကုန်အနေဖြင့် ၁ဒသမ၅ ဘီလီယံခန့် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပပို့ကုန်တိုးတက်ရေး၊ ပို့ကုန်ပမာဏ မြှင့်တင်နိုင်ရေးသည် အဓိကကျသောကြောင့် ပို့ကုန်မြှင့်တင်နိုင်ရေးကို ဝန်ကြီးဌာနအနေဖြင့် မူဝါဒများချမှတ် အကောင်အထည်ဖော်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

“ ပို့ကုန်တိုးမြှင့်ပြီး သွင်းကုန်လျော့ချဖို့ဆိုရင် အရေးမကြီးတဲ့ သွင်းကုန်တွေ လျော့ချမှာ ဖြစ်တယ်။ ” ဟု ၎င်းက ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရေးအတွက် လယ်ယာထွက်ကုန်သီးနှံကဏ္ဍသည် အဓိကအရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေခြင်းကြောင့် ကုန်သွယ်မှုဖြေလျှော့ပေးခြင်း၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုလျှင်မြန်ချောမွေ့စေရေး ဆောင်ရွက်ပေးခြင်း၊ ကုန်သွယ်မှုပညာပေးခြင်း၊ ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းပေးခြင်း၊ စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ကို ဆောင်ရွက်ပေးနေကြောင်း ၎င်းကဆိုသည်။

“ ပို့ကုန်မြှင့်တင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာရေး ဆွဲရေးလုပ်ငန်း စီမံချက်ကို ၂၀၁၃ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အမျိုးသားပို့ကုန် မဟာဗျူဟာမှာ ဦးစားပေး အကောင်အထည်ဖော်မယ့် ဆန်စပါးကဏ္ဍ၊ ပဲအမျိုးမျိုးနဲ့ ဆီထွက်သီးနှံကဏ္ဍ၊ ရေထွက်ကုန်ပစ္စည်းကဏ္ဍ၊ အထည်အလိပ်၊ သစ်နဲ့ သစ်တောထွက် ပစ္စည်းကဏ္ဍများ ရော်ဘာကဏ္ဍနှင့် ခရီးသွားကဏ္ဍတွေအပြင် လယ်ယာထွက်ကုန် စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ကျောက်မျက်ရတနာ အချောထုတ်လုပ်မှုလုပ်ငန်း၊ သစ်သီးဝလံဟင်းသီးဟင်းရွက်ထုတ်လုပ်မှုလုပ်ငန်းတွေ ထပ်မံထည့်သွင်းသွားဖို့ ရှိပါတယ်။ “ ဟု ဦးခင်မောင်လွင်က ဆက်လက်ပြောသည်။

ယင်းအပြင် မြန်မာနိုင်ငံမှ ပြည်ပတင်ပို့သည့် လယ်ယာထုတ်ကုန်ပစ္စည်းများ၏ ထွက်ရှိမှုပမာဏ၊ ပြည်ပတင်ပို့နိုင်မှုအလား အလာများ၊ ဈေးကွက်ရရှိနိုင်မှု၊ ကုန်သွယ်ဖက်နိုင်ငံများ၏ မူဝါဒများ၊ ဝယ်လိုအားနှင့် သီးနှံအမျိုးအစားအလိုက် ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေး အခြေအနေများအား လေ့လာသိရှိထားရန် လိုအပ်သကဲ့သို့ ပြည်တွင်း၌ ထုတ်လုပ်သည့် သီးနှံများ၏ ပြည်ပဈေးကွက် ခိုင်မာစေရန်နှင့် အလားအလာကောင်းများ ရှိနေသောသီးနှံများအတွက်ကိုလည်း ပြည်ပဝင်ငွေပိုမို ရရှိစေရန်၊ သီးနှံများ၏ အရည်အသွေးပိုင်းနှင့် အခြားလိုအပ်ချက်များကိုလည်း အစိုးရနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များအားလုံး အဘက်ဘက်မှ ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းကတိုက်တွန်းထားသည်။

AMIA

Export, Import Read 422 times