ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ရန်ကုန်လျှပ် စစ်ဓာတ်အားပေးရေး ကော်ပို ရေးရှင်း (YESC) ကို လျှပ်စစ်တစ်ယူနစ် ၅၇ ကျပ်နှင့် ရောင်းချပေးနေရာမှလာမည့် ဘဏ္ဍာရေးနှစ်မှစပြီး တစ်ယူနစ်ကို ကျပ် ၆၀ နှုန်းနှင့် သုံးကျပ် တိုး၍ ရောင်းချမည်ဟု သိရပါသည်။
လျှပ်စစ်နှုန်းထားများကို ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဈေးနှုန်းတိုးရောင်းချရန် စီစဉ်ထားသည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ နိုဝင်ဘာ ၂၄ ရက်က မြန်မာနိုင်ငံ ကုန်သည် များ နှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ပြုလုပ်သော ဒုတိယ သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင်များ လစဉ်တွေ့ဆုံပွဲတွင် ပြောကြားကြောင်းသိရပါသည်။
နိုင်ငံတော်မှ ထိုကဏ္ဍ အတွက် စိုက်ပေးနေရသော ဘီလျံ ၃၀ဝ ၏ တစ်ဝက်ခန့်က ရန်ကုန်တိုင်း ကို စိုက်ပေးနေရခြင်းဖြစ်ပါကြောင်း၊ အခြားတိုင်းနဲ့ ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်မှု မရှိဘဲနှင့်စိုက်ထုတ် ပေးရသော ငွေက ပြည်ထောင်စု၏ ငွေကြေးဆိုသည် တစ်နိုင်ငံလုံး၏ ငွေကြေး ဖြစ်ကြောင်း၊ နိုင်ငံတော်က ထွန်းသမျှ မီးပေါ်တွင် စိုက်ထုတ်ပေးနေရသော အခြေအနေရှိနေခြင်းမှာတကယ့်အဖြစ်မှန် ဖြစ်ကြောင်း ပြောကြားထားပါသည်။
တစ်နိုင်ငံလုံးက ထုတ်လုပ်သော လျှပ်စစ်ဓာတ်အား ရ၀ ရာခိုင်နှုန်းကို ရန်ကုန်တိုင်းဒေသကြီးက အသုံးပြုထားကြောင်းသိရပါသည်။
လက်ရှိတွင် လျှပ်စစ်မီတာခနှုန်းထားများကို အိမ်သုံးအတွက် တစ်ယူနစ် အနိမ့်ဆုံး ၃၅ ကျပ်မှ အမြင့်ဆုံး ၅၀ ကျပ်နှုန်း၊ စီးပွားရေးလုပ်ငန်း ၊ စက်မှုလုပ်ငန်းသုံးအတွက် တစ်ယူနစ်အနိမ့်ဆုံးကျပ် ၅၀ မှ အမြင့်ဆုံးကျပ် ၁၅၀ အထိ သတ်မှတ်ကောက်ခံနေကြောင်း သိရပါသည်။
လျှပ်စစ်ထုတ်လုပ်ရောင်းချသောလုပ်ငန်းမှာ အစိုးရက လျှပ်စစ်တစ်ယူနစ်ကို ၂၇ ကျပ်ကျော်အရှုံး ပေါ်နေသည့် အတွက် အများပြည်သူကို ဖြန့်ဖြူးရောင်းချသော လျှပ်စစ်သုံးစွဲခကို တိုးမြှင့်ကောက်ခံမည်ဟု နိုဝင်ဘာ ၂၄ ရက်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးမှ ပြောကြားထားပါသည်။
လျှပ်စစ်မီတာခနှုန်းထားများ တိုးမြှင့်ကောက်ခံရေး၊ အစိုးရမှ အရှုံးခံနေသော အခြေအနေကို ပြည်သူများ နားလည်အောင် ရှင်းပြပေးရန် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များကို ပြောကြားထားသည်ဟု သိရပါသည်။
အကယ်၍ လျှပ်စစ်နှုန်းထားတက်မည်ဆိုလျှင် ပြည်သူလူထုက မကြိုက်သည့်အတွက် လွှတ်တော်တွင် ပြန်လည် ဆွေးနွေးပြီး ညှိနှိုင်းဆွေးနွေးရမည့် သဘောရှိသည်ဟု လှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က ပြောကြားကြောင်း သိရပါသည်။
နိုင်ငံတော်၏ အရှုံး ပေါ် နေသည့်ကိစ္စက တကယ်တန်း မဖြစ်သင့်ကြောင်း၊ ထိုကဲ့သို့ ကောက်ခံပါကလည်း မမြတ်သော်လည်း နှုန်းလျော့သွားပေမယ့် အရှုံးကတော့ ရှိနေမည်ဖြစ်ကြောင်း၊နယ်ထက်စာလျှင် ရန်ကုန်က အများကြီး သက်သာကြောင်း၊ တချို့နေရာများတွင်ဆိုပါက ၄၅၀၊ ၅၀ဝ ကျပ်ခန့် ကောက်နေရကြောင်း၊ ဒီမိုကရေစီ နိုင်ငံတစ်ခု ဖြစ်လာပါက နောက်ပိုင်းပုဂ္ဂလိကပိုင်းကို လွှဲပေးရမည်ဖြစ်ကြောင်း၊ အရှုံးပေါ်လို့ မရကြောင်း၊ နိုင်ငံတော်က ရှုံးနေခြင်းမှာ ပြည်သူပဲ ပြန်နစ်နာခြင်း ဖြစ်ကြောင်း၊ ရှင်းပြပေးခဲ့ပါသည်။
လျှပ်စစ်မီတာခ မပြောင်းလဲမီ ဗို့အားတည်ငြိမ်မှန်ကန်သော ဝန်ဆောင်မှု သုံးစွဲသူများကို ပေးနိုင်အောင်လည်း ဆောင်ရွက်နေသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန်က ပြော ကြားထားပါတယ်။
လျှပ်စစ် ဖြန့်ဖြူးပေးသော မဟာဓာတ်အားလိုင်းက တောင်မြောက်သွယ်တန်းထားသော ပင်မဓာတ်အားလိုင်း တစ်ခုသာ ရှိနေပြီး သဘာဝဘေးအန္တရာယ်ဖြစ်လျှင် system breakdown ဖြစ်ပြီးတစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက် သွားနိုင်ပါသည်။
ထို့ကြောင့် ၅၀ဝ မဂ္ဂါဝပ် အရံဓာတ်အားလိုင်းများ တည်ဆောက်ရန် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနက ဆောင်ရွက်နေပြီး လျှပ်စစ်မီတာ ၁၀ဝ မဂ္ဂါဝပ်အတွက် သွယ်တန်းခ ကျပ်သိန်း ၁၀ဝ ဘီလျံ ခန့်ကုန်ကျ စရိတ်ရှိကြောင်း သိရပါသည်။
Source:kumudra journal