လာမည့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ခွဲဝေသုံးစွဲသွားမည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ (နိုင်ငံတော်ဘတ်ဂျက်) ကို ပြည်ထောင်စုလွှတ်တော်က ပြီးခဲ့သည့်လအတွင်း အတည်ပြုခဲ့ပြီးဖြစ်သည်။
အစိုးရသည် ၎င်းတို့ သုံးစွဲသွားမည့်ငွေများနှင့် ရရန်ရှိသည့်ငွေများကို ခန့်မှန်းတွက်ချက်၍ ယခုဥပဒေထဲတွင် ထည့်သွင်းပြဌာန်းခြင်းဖြစ်သည်။
ယခုဘတ်ဂျက်တွင် အသုံးစရိတ်ကို ကျပ်ဘီလျံ ၂၄,၇၂၃ ကျော်သုံးစွဲသွားရန် ခန့်မှန်းထားပြီး ရငွေကို ကျပ်ဘီလျံ ၁၉,၉၄၆ ကျော် ခန့်မှန်းထားသည်။ ရရန်ငွေထက် သုံးရမည့်ငွေက များသဖြင့် လိုငွေအဖြစ် ကျပ် ၄,၇၇၇ ဘီလျံကျော် မှန်းထားသည်။
ကာကွယ်ရေးအသုံးစရိတ်
ဝန်ကြီးဌာနအလိုက် အသုံးစရိတ်များ လျာထားရာတွင် ကာကွယ်ရေးအသုံးစရိတ်သည် အများဆုံးဖြစ်ပြီး စုစုပေါင်းအသုံးစရိတ်၏ ၁၃ ဒသမ ၁၉ ရာခိုင်နှုန်း ဖြစ်သည်။ ကျပ်ဘီလျံပေါင်း ၃,၂၆၁ ကျော် (အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၆ ဘီလျံကျော်) သုံးစွဲထားသည်။
ဆွီဒင်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လက်နက်ထိန်းချုပ်လျှော့ချရေးနှင့် စစ်ဘက်ဆိုင်ရာ အကြောင်းအရာများကို သုတေသနပြုနေသော Stockholm International Peace Research Institute (SIPRI) ၏ ညွှန်းကိန်းများအရဆိုလျှင် မြန်မာနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် ဒေသတွင်းဖွံ့ဖြိုးသည့် အခြားနိုင်ငံများနှင့် ယှဉ်ကြည့်လျှင် လျော့နည်းသည်ကို တွေ့ရသည်။ SIPRI ညွှန်းကိန်းအရ ထိုင်းနိုင်ငံသည် ၂ဝ၁၇ ခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ် ၆ ဒသမ ၃ ဘီလျံကျော်သုံးပြီး ဗီယက်နမ်က ငါးဘီလျံကျော်သုံးစွဲသည်။ အင်ဒိုနီးရှားက ရှစ်ဘီလျံကျော်အထိ သုံးသည်။
မြန်မာ့ကာကွယ်ရေးအသုံးစရိတ်သည် ဒေသတွင်း ဖွံ့ဖြိုးသည့်နိုင်ငံများနှင့် ယှဉ်လျှင်နည်းပါးနေသေးသော်လည်း နိုင်ငံ၏ဘတ်ဂျက်ခွဲတမ်းတွင် အများဆုံး နေရာယူထားဆဲဖြစ်သည်။
ပညာရေးနှင့် ကျန်းမာရေးအသုံးစရိတ်
၂ဝ၁၈-၁၉ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ခွဲတမ်းတွင် ပညာရေးဘတ်ဂျက်ကို အစိုးရ စုစုပေါင်းအသုံးစရိတ်၏ ၈ ဒသမ ၇၉ ရာခိုင်နှုန်း လျာထားပြီး ကျန်းမာရေးဘတ်ဂျက်ကို ၄ ဒသမ ၅၇ ရာခိုင်နှုန်း လျာထားသည်။ ထိုနှစ်ခုပေါင်း အသုံးစရိတ်သည် ကာကွယ်ရေးဘတ်ဂျက်နှင့် ညီသလောက်ရှိသည်။
သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်တွင် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များ တိုးမြှင့်သုံးစွဲခဲ့သည်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်က ပညာရေးအသုံးစရိတ်သည် စုစုပေါင်းအသုံးစရိတ်၏ ၃ ရာခိုင်နှုန်းကျော်သာ ရှိခဲ့ရာမှ ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်းကျော်အထိ လျာထားသုံးစွဲခဲ့သည်ကို တွေ့ရသည်။ NLD အစိုးရလက်ထက်တွင်လည်း ဆက်လက်တိုးမြှင့်သုံးစွဲခဲ့ပြီး ယခုလာမည့် ဘတ်ဂျက်တွင် ၈ ဒသမ ၇၉ ရာခိုင်နှုန်းအထိ လျာထားခဲ့သည်။
ကျန်းမာရေးအသုံးစရိတ်သည်လည်း ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်တွင် အစိုးရ စုစုပေါင်းအသုံးစရိတ်၏ ၁ ရာခိုင်နှုန်းကျော်သာရှိခဲ့ရာမှာ ယခုအချိန်တွင် ၄ ရာခိုင်နှုန်းကျော်သို့ တိုးမြှင့်သုံးစွဲလာပြီ ဖြစ်သည်။
သို့သော် ဒေသတွင်း အခြားနိုင်ငံများနှင့်ယှဉ်လျှင် ပညာရေး၊ ကျန်းမာရေးအသုံးစရိတ် နိမ့်ကျနေဆဲ ဖြစ်သည်။ ကမ္ဘာ့ဘဏ်အချက်အလက်များအရဆိုလျှင် ထိုင်းနိုင်ငံသည် ပညာရေးအသုံးစရိတ်ကို စုစုပေါင်းအသုံးစရိတ်၏ ၂ဝ ရာခိုင်နှုန်းနီးပါး သုံးစွဲပြီး ဗီယက်နမ်နိုင်ငံက ၁၈ ရာခိုင်နှုန်းကျော် သုံးသည်။
ကျန်းမာရေးအသုံးစရိတ်တွင်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ညွှန်းကိန်းများအရဆိုလျှင် ဒေသတွင်းနိုင်ငံများကြား မြန်မာက အနိမ့်ဆုံးနိုင်ငံများထဲတွင် ပါဝင်နေသည်။
၂ဝ၁၅ ခုနှစ်က အခြေပြုညွှန်းကိန်းများတွင် မြန်မာနိုင်ငံ၏ လူတစ်ဦးချင်း ကျန်းမာရေးအသုံးစရိတ်ခွဲတမ်းသည် အမေရိကန်ဒေါ်လာ ၅၉ ဒေါ်လာသာ ရှိသည်။ ထိုင်းနိုင်ငံက ၂၁၇ ဒေါ်လာ၊ ဗီယက်နမ်က ၁၁၆ ဒေါ်လာ သုံးစွဲသည်ကို တွေ့ရသည်။
အထက်ပါ ကာကွယ်ရေး၊ ပညာရေးနှင့် ကျန်းမာရေးအသုံးစရိတ် ရာခိုင်နှုန်းများသည် နှစ်စဉ် အတည်ပြုပြဠာန်းသော ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ ဘတ်ဂျက်လျာထားချက်BE များကို အခြေခံတွက်ချက်ထားခြင်းသာဖြစ်သည်။
စိုက်ပျိုးရေးနှင့် စက်မှုအသုံးစရိတ်
မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အခြေခံနိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းသည်လည်း စိုက်ပျိုးရေးနှင့် ဆက်နွှယ်နေကြသည်။ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အစိုးရများအဆက်ဆက် မူဝါဒများ ချမှတ်ဆောင်ရွက်ကြသော်လည်း လက်ရှိအချိန်ထိ သိသာသော ပြောင်းလဲတိုးတက်လာမှု မရှိသေးပေ။ ယင်းအချက်ကို နိုင်ငံ၏လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှု ရာနှုန်းများတိုးတက်မလာမှုက သက်သေပြနေသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အချက်အလက်များအရ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်က လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုသည် စုစုပေါင်း၏ ၂၉ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ရာက ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်တွင် ၂ဝ ဒသမ ၈ ရာခိုင်နှုန်းသာရှိတော့သည်။
ထိုသို့ လယ်ယာကဏ္ဍဖွံ့ဖြိုးမှု ရှေ့မရောက်သော စိုက်ပျိုးရေးအခြေခံနိုင်ငံတွင် အစိုးရ၏ စိုက်ပျိုးရေးကဏ္ဍအတွက် သုံးစွဲသည့် ဘတ်ဂျက်ခွဲတမ်းသည် အခြားကဏ္ဍများနှင့်ယှဉ်လျှင် ရာနှုန်းနည်းနေသေးသည်။ နှစ်အလိုက် တဖြည်းဖြည်း မြှင့်တင်သုံးစွဲလာခဲ့သော်လည်း ယခုအချိန်ထိ စုစုပေါင်းဘတ်ဂျက်၏ ၄ ရာခိုင်နှုန်းကျော်သာ သုံးစွဲနိုင်သေးသည်။
ထို့ပြင် လယ်ယာကဏ္ဍမှသည် စက်မှုဖွံ့ဖြိုးရေးသို့ သွားမည့်အချိန်တွင် စက်မှုကဏ္ဍသုံးစွဲသည့် ဘတ်ဂျက်ခွဲတမ်းမှာလည်း သုညဒသမ ဝ၉ ရာခိုင်နှုန်းသာ ရှိသည်။ စက်မှုဝန်ကြီးဌာန ဘတ်ဂျက် ခွဲတမ်းလျာထားချက်များသည် ခြောက်နှစ်တာကာလအတွင်း ၁ ရာခိုင်နှုန်းအထက် မရောက်ခဲ့ပေ။
မြန်မာနိုင်ငံ၏ ဘတ်ဂျက်သည် အသုံးစရိတ်က ရငွေထက်များသဖြင့် လိုငွေပြ ဘတ်ဂျက်ဖြစ်သည်။ ထို့အတွက် နှစ်စဉ် ဘတ်ဂျက်လိုငွေပြလျက်ရှိသည်။ လိုငွေ လျာထားချက်များကို ကြည့်လျှင် ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၃,၂၈၈ ဘီလျံ၊ ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၃,၉၈၉ ဘီလျံနှင့် လာမည့် ၂ဝ၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၄,၇၇၇ ဘီလျံကျော် ခန့်မှန်းထားသည်ကို တွေ့ရသည်။