မြန်မာ- အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး အိန္ဒိယဘက်က ပိတ်ထား၍ ကုန်စည်စီးဆင်းမှု ရပ်ဆိုင်း


01 April, 2019

မြန်မာ- အိန္ဒိယနယ်စပ် ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာအကြား နှစ်နိုင်ငံ နယ်စပ်ကုန်စည်စီးဆင်းမှုကို အိန္ဒိယနိုင်ငံဘက်ခြမ်းရှိ အရပ်ဘက်အဖွဲ့အစည်းများက ပိတ်ထားတဲ့အတွက် နယ်စပ်ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းနေကြောင်း နယ်စပ်ကုန်သည်များထံမှ သိရပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းမြို့ရှိ အရပ်ဘက်အဖွဲ့အစည်းနဲ့ ဇိုခေါထာရ်ကျေးရွာရှိ အရပ်ဘက်အဖွဲ့အစည်းအကြား အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး ဇိုခေါထာရ် ကျေးရွာဘက်မှဝင်လာတဲ့ မြန်မာနိုင်ငံမှ တင်ပို့တဲ့ကုန်စည်များ ကျန်ဖိုင်းကို မဝင်ရောက်ရန် ပိတ်ထားခြင်း၊ အိန္ဒိယနိုင်ငံ ကျန်ဖိုင်းမြို့မှတစ်ဆင့် ဇိုခေါထာရ်ကျေးရွာဘက်ကိုဖြတ်ပြီး မြန်မာနိုင်ငံသို့ဝင်လာမယ့် ကုန်စည်များကို ဇိုခေါထာရ်ကျေးရွာရှိ အရပ်ဘက်အဖွဲ့အစည်းများက မဝင်ရောက်ရန် ပိတ်ထားသည့်အတွက် မတ်လ ၂၅ ရက်နေ့မှ စတင်၍ မြန်မာ- အိန္ဒိယနယ်စပ် ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပါတယ်။

“ ဒီနေ့အထိ မဖွင့်သေးဘူး။ ဘယ်နေ့အထိ ပိတ်ထားမလဲတော့မသိဘူး။ အခု ရိခေါဒါရ်မှာ ကုန်စည်တွေပိတ်မိနေတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ လောလောဆယ် ရပ်ဆိုင်းနေတယ် ပြောရမှာပေါ့ ” လို့ ရိခေါဒါရ်မြို့နေ ဦးချန်လျန်းမာက ပြောပါတယ်။

အဆိုပါ နယ်စပ်မှနေ၍ အိန္ဒိယနိုင်ငံဘက်မှ မြန်မာနိုင်ငံကို မြေဆီနဲ့ ရက်ကန်းထည်များမှာ အသုံးပြုတဲ့ချည်များ အများဆုံးဝင်ရောက်ပြီး မြန်မာနိုင်ငံမှ ကွမ်းသီးစိုနဲ့ ကွမ်းသီးခြောက် အဓိကတင်ပို့ရတဲ့ နယ်စပ်ဖြစ်ပါတယ်။

ယင်းနယ်စပ်ဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ နေရာဖြစ်တဲ့အတွက် ကုန်သည်များအနေနဲ့ ပွင့်လင်းရာသီကာလ ကားလမ်းကောင်းမွန်တဲ့အချိန်မှသာ ကုန်စည်တင်ပို့မှုကို အဓိကပြုလုပ်ကြရပါတယ်။

ဒါပေမယ့် အခုပွင့်လင်းရာသီကာလမှာတော့ နယ်စပ်ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းခြင်းကြောင့် ကုန်သည်များအပါအဝင် နယ်စပ်ရှိ ကုန်တင်ကုန်ချနေ့စားလုပ်ငန်းဖြင့် အသက်မွေးနေသူများရဲ့ လုပ်ငန်းတွေလည်း ထိခိုက်လျက်ရှိပါတယ်။

The Voice

Export, Import Read 635 times