အိန္ဒိယက ပဲတင်သွင်းခွင့် ပိတ်ပင်၍ မတ်ပဲဈေး ကျဆင်း


05 February, 2021

အိန္ဒိယဗဟိုအစိုးရက ၎င်းတို့နိုင်ငံသို့ ပြည်ပမှ ပဲတင်သွင်းမှုကို ကန့်သတ်ကြောင်း ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မည်သည့်အချိန်ကာလအထိ ပိတ်ထားမည်ကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။  ၂ဝ၁၈ ဇွန်လအတွင်းကလည်း မတ်ပဲတန်ချိန် တစ်သိန်းခွဲ၊ ပဲစင်းငုံတန်ချိန် နှစ်သိန်း၊ ပဲတီစိမ်းတန်ချိန် တစ်သိန်းခွဲကိုသာ သုံးလအတွင်း တင်သွင်းမည်ဆိုသည့် သွင်းကုန်ကန့်သတ်ချက်ကိုလဲ ကြေညာခဲ့ပါတယ်။

၂ဝ၁၈ ခုနှစ် စက်တင်ဘာလတွင် အိန္ဒိယ၏ ပြည်တွင်းလိုအပ်ချက်ကြောင့် မတ်ပဲနှင့် ပဲစင်းငုံတင်သွင်းခွင့်အတွက် ပြည်နယ်အစိုးရ ခွင့်ပြုချက်ရရှိသည်ဟုဆိုကာ အိန္ဒိယကုန်သည်များက မြန်မာနိုင်ငံမှ ဝယ်ယူတင်သွင်းခဲ့သဖြင့် လေးလတာကာလအတွင်း မတ်ပဲတန်ချိန် သုံးသိန်းကျော်နှင့် ပဲစင်းငုံတန်ချိန် ငါးသောင်းကျော်၊ စုစုပေါင်းတန်ချိန် လေးသိန်းခန့် ဝယ်ယူမှုရှိခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်ကြီးများအသင်းက ပြောပါတယ်။

အလားတူ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလတွင်လည်း အိန္ဒိယပြည်နယ်အစိုးရများက ဆက်လက်တင်သွင်းခွင့်ပြုသဖြင့် မြန်မာနိုင်ငံမှ ဝယ်ယူတင်သွင်းခဲ့ကြောင်း၊ သို့သော် ယခုနှစ် ဇန်နဝါရီ ၃၁ ရက် ထုတ်ပြန်ချက်ကြောင့် အိန္ဒိယဆိပ်ကမ်းသို့ ရောက်ရှိနေပြီဖြစ်သည့် ပဲများကို ဆိပ်ကမ်းက ထုတ်မပေးခြင်းနှင့် ဇန်နဝါရီ ၂၈ ရက်နောက်ပိုင်းတွင် တင်သွင်းလာသည့်ပဲများကို လက်မခံဟု ကြားသိရကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်ကြီးများအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးမှ ပြောပါတယ်။ 

''သူတို့ဘက်မှာ လိုရင်ဖွင့်ပေးလိုက်၊ မလိုရင် ပိတ်လိုက်အခါကျတော့  အိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ်။ ကိုယ်တို့နိုင်ငံ စိုက်ပျိုးထုတ်လုပ်တဲ့သူတွေအပေါ် သွားပြီးထိခိုက်တယ်''ဟု ၎င်းက ပြောပါတယ်။

ထိုသို့ ပိတ်ပင်ကန့်သတ်လိုက်သည့်အတွက် မတ်ပဲဈေးများလည်း ကျဆင်းခဲ့ပါတယ်။ ဇန်နဝါရီလအတွင်းက မတ်ပဲတစ်တန်လျှင် ကျပ်ခုနစ်သိန်းကျော် ပေါက်ဈေးရှိခဲ့ရာမှ ဖေဖော်ဝါရီ ၁ ရက်တွင် မတ်ပဲဈေးသည် တစ်တန်လျှင် ကျပ် ၅၇ဝ,ဝဝဝ ဈေးအထိ ကျဆင်းလာပါတယ်။ အလားတူ ပဲစင်းငုံဈေးသည်လည်း ယခုအခါ တစ်တန်လျှင် ကျပ် ၆၈ဝ,ဝဝဝ ဈေးအထိ ကျဆင်းခဲ့ပြီး ပြီးခဲ့သောတစ်ပတ်က ကျပ် ၇၅ဝ,ဝဝဝ အထိပေါက်ဈေးရှိခဲ့ပါတယ်။

 

Export, Import Read 434 times