အိန္ဒိယကားကုမ္ပဏီတစ်ခုမှ မြဝတီစက်မှုဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံမည်


04 June, 2018

အိန္ဒိယကုမ္ပဏီတစ်ခုမှ ကရင်ပြည်နယ် မြဝတီနယ်စပ်ကုန်သွယ်ရေးစက်မှုဇုန်အတွင်း ဒေါ်လာ ၁ ဒသမ ၃ သန်းကျော် ရင်းနှီးမြှုပ်နှံကာ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရပါသည်။

အိန္ဒိယနိုင်ငံ Precision Auto Engineering Co.,Ltd မှ မော်တော်ယာဉ်တပ်ဆင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ကရင်ပြည်နယ် မြဝတီမြို့နယ် မဲကနယ်ကျေးရွာ မြဝတီနယ်စပ်ကုန်သွယ်ရေးစက်မှုဇုန်အတွင်းတွင် ဒေါ်လာ ၁ ဒသမ ၃၅၂ သန်း ရင်းနှီးမြှုပ်နှံကာ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် မော်တော်ယာဉ်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများကို နိုင်ငံလေးနိုင်ငံက ကုမ္ပဏီပေါင်းခြောက်ခုအထိ လာရောက်ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါသည်။

လာရောက်ရင်းနှီးမြှုပ်နှံထားသောနိုင်ငံများမှာ ဂျပန်၊ စင်ကာပူ၊ တရုတ်နှင့် မလေးရှားနိုင်ငံတို့မှဖြစ်ကြောင်း သိရပါသည်။

ဂျပန်နိုင်ငံအနေဖြင့် Isuzu အမှတ်တံဆိပ်မော်တော်ယာဉ်နှင့် အစိတ်အပိုင်းများ တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းနှင့် Suzuki(Myanmar) Motor Co.Ltd မော်တော်ယာဉ်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ စင်ကာပူအနေဖြင့် Scania အမှတ်တံဆိပ်ခရီးသည်တင်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း၊ ပြုပြင်ခြင်းနှင့် ထိန်းသိမ်းရေးလုပ်ငန်း၊ CAPITAL MOTORS LIMITED, Ford အမှတ်တံဆိပ် မော်တော်ယာဉ်များ ထုတ်လုပ်ရောင်းချခြင်းနှင့် ရောင်းချပြီးနောက်ပိုင်း အာမခံပေးခြင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတို့ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် Khaing Khaing Sang Da Group Co.Ltd မော်တော်ယာဉ်ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းနှင့် မလေးရှားနိုင်ငံအနေဖြင့် Tan Chong Motor (Myanmar) Co.,Ltd Nissan အမှတ်တံဆိပ် မော်တော်ယာဉ်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းတို့ဖြစ်သည်။

 Daily Eleven

Local News Investment/Divestment Read 719 times