အိန္ဒိယအစိုးရရဲ့ မူဝါဒကို စောင့်နေရခြင်းကြောင့် ပြည်တွင်းမတ်ပဲနဲ့ ပဲစင်းငုံဈေးတည်ငြိမ်


28 March, 2019

အိန္ဒိယအစိုးရရဲ့ ပဲတင်သွင်းမယ့် မူဝါဒအခြေအနေကို စောင့်ကြည့်နေရတာကြောင့် ပြည်တွင်းဈေးကွက်အတွင်း မတ်ပဲနဲ့ ပဲစင်းငုံဈေးနှုန်းတွေ တည်ငြိမ်နေပါတယ်။

မြန်မာနိုင်ငံပဲမျိုးစုံနဲ့ နှမ်းကုန်သည်အသင်း အတွင်းရေးမှူးဦးမင်းကိုဦးက မတ်လလယ်က ပြည်ပမှ ပဲတင်သွင်းလိုတဲ့ ကုန်သည်တွေကို အဆိုပြုလွှာလျှောက်ထားဖို့ အိန္ဒိယအစိုးရက ဖိတ်ခေါ်ထားတယ်ဆိုတဲ့သတင်း ထွက်ပေါ်ခဲ့ပါတယ်။

ဒါ့ကြောင့် ပြည်တွင်းဈေးကွက်မှာ အိန္ဒိယအစိုးရရဲ့ ပဲတင်သွင်းမယ့် အစီအစဉ်ကို ကုန်သည်တွေက စောင့်ကြည့်နေတဲ့အခြေအနေမှာသာ ရှိနေတယ်လို့ပြောပါတယ်။ ဒါ့ပြင် ခွဲတမ်းနဲ့ပဲ သွင်းခွင့်ပေးမလား၊ ဒါမှမဟုတ် ဘယ်လို ပဲအမျိုးအစားတွေ သွင်းခွင့်ပေးမလဲဆိုတာ စောင့်နေကြပါတယ်လို့ ပြောပါတယ်။

ဒီအခြေအနေဆိုရင် ပြည်တွင်းပဲဈေးကွက်မှာ မတ်ပဲတစ်တန်ကို ကျပ်ခြောက်သိန်းရှစ်သောင်းကျော်မှ ကျပ်ခုနစ်သိန်းနဲ့ ပဲစင်းငုံတစ်တန်ကို ကျပ်ခုနစ်သိန်းသုံးသောင်းမှ ကျပ်ရှစ်သိန်းကျော်အကြား ဈေးရှိပါတယ်လို့ ဘုရင့်နောင် ပဲကုန်စည်ဒိုင်မှ ကုန်သည်တစ်ဦးက ပြောပါတယ်။

လက်ရှိ ပြည်တွင်းဈေးကွက်မှာတော့ ပဲအသစ်နဲ့ အဟောင်းဆိုပြီး ဈေးနှုန်းနှစ်မျိုး ဖွင့်လှစ်ထားပါတယ်။ နယ်မြို့တွေမှာဆိုရင်တော့ မတ်ပဲဈေးနှုန်းက  တစ်တင်းကို ကျပ်နှစ်သောင်းသုံးထောင်ခန့်ရှိပြီး ဝယ်လိုအားက ပုံမှန်ရှိပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ မတ်ပဲအသစ်ပေါ်ချိန်ဆိုရင် သိုလှောင်လိုတဲ့ ပြည်တွင်းကုန်သည်တွေရဲ့ ဝယ်လိုအားကောင်းခြင်းနဲ့ အထွက်နှုန်းလျော့နည်းခြင်းက မတ်ပဲတစ်တန်ကို ကျပ်တစ်သိန်းကျော် ဈေးပြန်လည်မြင့်တက်စေတယ်လို့ ပဲကုန်သည်အချို့ကဆိုပါတယ်။

အခုလက်ရှိမှာ အိန္ဒိယမှ မတ်ပဲအဝယ်မရှိပေမယ့်လည်း ပါကစ္စတန်နဲ့ ယူအေအီးနိုင်ငံတို့မှ တန်ချိန်အနည်းငယ်တော့ ဝယ်လိုအားရှိနေပါတယ်။

7day daily

Local News Export, Import Read 370 times