လောင်စာဆီ ပြည်ပတင်ပို့မှု အိန္ဒိယ ထိန်းချုပ်


04 July, 2022

လောင်စာဆီ ပြည်ပတင်ပို့မှု အိန္ဒိယ ထိန်းချုပ်

အိန္ဒိယက လောင်စာဆီ ပြည်ပတင်ပို့မှုအပေါ်  ပို့ကုန်ခွန်များကို စတင်ကျင့်သုံးခြင်းဖြင့် လောင်စာဆီ ပြည်ပတင်ပို့မှုများကို ထိန်းချုပ်ပြီး  ပြည်တွင်းဈေးကွက်အတွက် လုံလောက်သော လောင်စာဆီ ထောက်ပံ့မှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထိုစီမံချက်က အိန္ဒိယမှ ရေနံချက်လုပ်ငန်းကြီးများ ဖြစ်သော  Reliance Industries, Nayara Energy နှင့် ONGC တို့ ရရှိမည့် အမြတ်အစွန်းများကို အနည်းနှင့် အများ ထိခိုက်စေလိမ့်မည် ဖြစ်သည်။ 

အိန္ဒိယမှ ရေနံချက်လုပ်ငန်းကြီးများသည် လျှော့ဈေးဖြင့် ရရှိနေသေ ရုရှားရေနံစိမ်းကို ဝယ်ယူပြီး ချက်လုပ်သန့်စင်ကြသည်။ လောင်စာဆီအမျိုးမျိုး ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချကြသည်။ ပြည်ပတင်ပို့ရေးကို ဦးစားပေးနေကြပြီး ပြည်တွင်းလောင်စာဆီ ဖူလုံရေးကို အလေးပေးခြင်း မရှိသဖြင့် ယခုလို ပို့ကုန်ခွန် ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံက ရုရှားရေနံစိမ်း တင်သွင်းသည့် ပမာဏသည် စံချိန်တင် မြင့်တက်လျက် ရှိရာ တစ်ရက်လျှင် စည် ( bpd) ၈၄၀,၀၀၀ ကျော်အထိ ရှိနေသည်ဟု ရိုက်တာသတင်းဌာနက Kpler  မှ ဇွန်လဆန်းတွင် ထုတ်ပြန်သည့် အချက်အလက်များကို ကိုးကားပြီး သတင်းဖော်ပြခဲ့သည်။ ဇွန်လကုန်ပိုင်းတွင် တစ်ရက်လျှင် စည် ၁ သန်းအထိ ရောက်ရှိနေနိုင်သည်ဟု ခန့်မှန်းသည်။  ရုရှားရေနံသည် အိန္ဒိယနိုင်ငံ ရေနံတင်သွင်းမှုတွင် ပမာဏအများဆုံး ဖြစ်နေပြီ ဖြစ်သည်။  ရုရှားရေနံကို အများဆုံး ဝယ်ယူသည့် လုပ်ငန်းများမှာ Reliance Industries နှင့် Nayara Energy တို့ ဖြစ်ပြီး Nayara Energy  တွင် ရုရှားမှ Rosneft က အစုရှယ်ယာ တစ်စိတ်တစ်ဒေသ ပိုင်ဆိုင်ထားပါသည်။ 

အိန္ဒိယ အစိုးရက လောင်စာဆီ ပြည်ပတင်ပို့မှုများအပေါ် ပို့ကုန်ခွန်များ စည်းကြပ်သည့်အပြင် လောင်စာဆီ ပို့ကုန်လုပ်ငန်းများသည် ပြည်တွင်းဈေးကွက်ထဲတွင် ဓာတ်ဆီ ရောင်းချပေးရန် ပြဋ္ဌာန်းလိုက်သည်။ ပြည်ပသို့ တင်ပို့သည့် ဓာတ်ဆီ ပမာဏ၏ ၅၀% ကို ပြည်တွင်းဈေးကွက်ထဲတွင် မပျက်မကွက် ရောင်းချပေးရမည် ဖြစ်သည်။ 
ဒီဇယ်ဆီကိုလည်း ပြဋ္ဌာန်းလိုက်ရာ၌  ပြည်ပသို့ တင်ပို့သည့် ဒီဇယ်ဆီပမာဏ၏ ၃၀% ကို ပြည်တွင်းဈေးကွက်ထဲတွင် မပျက်မကွက် ရောင်းချပေးရမည် ဖြစ်သည်။ 
ထို့ပြင် အပိုဆောင်းကောက်ခံသည့် အခွန်ကိုလည်း ပြဋ္ဌာန်းလိုက်သည်ဖြစ်ရာ ရေနံစိမ်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ ဝန်းကျင် စည်းကြပ်မည် ဖြစ်သည်။ 

အိန္ဒိယသည် ပြည်တွင်း သုံးစွဲမှုအတွက် ၈၀% ကို ပြည်ပမှ ရေနံစိမ်း တင်သွင်းပြီး ဖြည့်တင်းပေးပါသည်။ 
#MyanmarIndustryGuide
 Telegram Channel
https://t.me/Guid4U

 

Energy News Export, Import Read 6058 times