အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အဓိကတိုးတက်ဖြစ်ထွန်းမှုတစ်ရပ်အဖြစ်တမူး-မိုးရေး နယ်စပ်မှာ အဝင်အထွက် စစ်ဆေးရေးဂိတ်ကို မဏိပူရနဲ့ စစ်ကိုင်းတိုင်းတို့အကြား ဖွင့်လှစ်ခြင်းနဲ့အတူ မီဇိုရမ်နဲ့ ချင်းပြည်နယ်တု့ိအကြားမှာလည်း အလားတူ ရိဒ်ခေါဒါရ် - ဇိုခေါသာ အဝင်အထွက် စစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က တရားဝင် တစ်ပြိုင်နက်တည်း ဖွင့်လှစ်လိုက်ပါတယ်။
မြန်မာနိုင်ငံအတွက် အိန္ဒိယသံအမတ်ကြီး Vikram Misri က သြဂုတ်လ ၈ ရက်ဟာ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ ရက်စွဲတစ်ခု ဖြစ်တယ်။ ယခုနေ့မှာတော့ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးသမိုင်းအဖို့မှာလည်း အရေးပါတဲ့ ရက်စွဲဖြစ်ပြီလို့ ပြောကြားခဲ့ပါတယ်။
ယခုလို ဖွင့်လှစ်လိုက်တဲ့အတွက် ကုန်းလမ်းဖြင့် ကူးသန်းသွားလာမှုများကို ပြုနိုင်ကြတော့မှာ ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်း၊ စီးပွားရေးကိစ္စနဲ့ ပညာရေး ရည်ရွယ်ချက်တို့ဖြင့် နှစ်နိုင်ငံအကြား ကူးသန်းသွားလာနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံကူးလက်မှတ်ဖြင့် ဗီဇာရယူပြီး ယခုလို နယ်ခြား ဖြတ်ကျော် နိုင်ကြမှာ ဖြစ်ပါတယ်။
နိုင်ငံအကြား ကုန်စည်နှင့် လူများ ကူးသန်းသွားလာမှုများကို တီးတိန်ဘက်ကသွားတဲ့ ရိဒ်ကွန်ထား ကားလမ်းနဲ့ ထန်တလန်ဘက်ကသွားတဲ့ ကားလမ်း ၂ခုကို အသုံးပြုကြတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှ ပို့ကုန်များကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ် မီဇိုရမ်သို့ တင်ပို့ရာမှာ အဓိကကျတဲ့ လမ်းကြောင်းတွေ ဖြစ်ပါတယ်။ အဲဒါအပြင် ကလေး တမူးဘက်ကနေ မဏိပူပြည်နယ် မိုရေးလမ်းကြောင်းဖြင့်လည်း အိန္ဒိယနဲ့ ကုန်သွယ်မှုတွေ ရှိနေပါတယ်။
နောက်ထပ် ကုန်သွယ်ရေး ကားလမ်းကြောင်းတစ်ခုကတော့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် အစပ်မှာ တည်ရှိတဲ့ ပလက်ဝမှ မီဇိုရမ်မှာ တည်ရှိတဲ့ ဇိုရမ်ပွီးကို ဖောက်ထားတဲ့ ကားလမ်းအသစ် ဖြစ်ပါတယ်။