အာရှမှာ တရုတ်နိုင်ငံတစ်ခုတည်းသာ စွမ်းအင် အကျပ်အတည်း ဖြစ်ပေါ်နေခြင်း မဟုတ်ချေ။ အိန္ဒိယသည်လည်း လျှပ်စစ်ဓာတ်အား အကျပ်အတည်းကို ရင်ဆိုင်ရဖွယ် ရှိသည်။ လာမည့်လများအတွင်း လျှပ်စစ်ဓာတ်အားစက်ရုံများတွင် မီးထိုးဖို့ ကျောက်မီးသွေးများ လက်ကျန် အတော်နည်းသဖြင့် ဓာတ်အားထုတ်လုပ်မှုများ လျှော့ချကြရလိမ့်မည်။
အာရှ၏ တတိယအကြီးမားဆုံး စီးပွားရေးတစ်ရပ်ဖြစ်သော အိန္ဒိယနိုင်ငံတွင် ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံ ၁၃၅ ရုံ ရှိသည်အနက် ၆၃ ရုံသည် ကျောက်မီးသွေးလက်ကျန် တစ်ရက်နှစ်ရက်စာသာ ကျန်တော့သည်ဟု လျှပ်စစ်ဓာတ်အား ဗဟိုအာဏာပိုင် Central Electricity Authority (CEA) မှ ပြောကြားခဲ့သည်။ အဆိုပါ ၆၃ ရုံတွင် ၁၇ ရုံသည် လက်ကျန်မရှိတော့သည့် အဖြစ်သို့ ရောက်နေကြောင်း၊ ကျောက်မီးသွေး ၅ ရက်စာသာကျန်သည့် ဓာတ်အားစက်ရုံမှာ ၇၅ ရုံ ရှိကြောင်းလည်း ပြောကြားသည်။
တိုင်းပြည်၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စုစုပေါင်း၏ ၇၀% နီးပါးသည် ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံများ ဖြစ်သည်။
လျှပ်စစ်စွမ်းအား ဝန်ကြီး R.K. Singh က The Indian Express သတင်းစာသို့ ဖြေကြားရာတွင် လာမည့် ငါးလ ခြောက်လအထိ အဆင်ပြေပြေ မဖြစ်လောက်ဟု ဆိုသည်။
“လိုအပ်ချက်က လျော့မသွားဘူး။ ကျွန်တော်မှာ ထပ်တိုးတဲ့ သုံးစွဲသူ ၂၈.၂ သန်း ရှိတယ်။ သူတို့အထဲမှာ အားလုံးနီးပါးက လူလတ်တန်းစားနဲ့ အောက်ခြေလူတန်းစားတွေ ဖြစ်ကြတဲ့အတွက် ပန်ကာတွ၊ မီးတွေ၊ တီဗီတွေ ဝယ်သုံးကြတယ်” ဟု ပြောပြသည်။
အန္ဒိယသည် ကျောက်မီးသွေးထုတ်လုပ်မှုတွင် ကမ္ဘာ့ဒုတိယ အများဆုံးနိုင်ငံဖြစ်ပြီး အရန်ကျောက်မီးသွေး ထားသိုမှုတွင် ကမ္ဘာ့စတုတ္ထအများဆုံး နိုင်ငံဖြစ်သည်။ သို့သော် ကျောက်မီးသွေး ထုတ်လုပ်မှုသည် မုတ်သန်မိုး သည်းထန်သည့်အတွက်ကြောင့် တူးဖော်ထုတ်လုပ်မှုများနှင့် သယ်ယူပို့ဆောင်ရေးတို့တွင် လျော့ကျနေခဲ့သည်။
နိုင်ငံပိုင်လုပ်ငန်း Coal India မှ ပေးသွင်းနေသည့် ပမာဏသည် လောက်ငှမှု မရှိနိုင်တော့ချေ။
သို့ဖြစ်ရာ ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံများကို လုပ်ကိုင်နေသည့် ဓာတ်အားထုတ်လုပ်သူတို့သည် စက်ရုံအတွက် လိုအပ်သော ပမာဏ၏ ၁၀% ကို ပြည်ပမှ ဝယ်ယူတင်သွင်းရန် အစိုးရက ညွန်ကြားထားသည်။
လောလောဆယ်တွင် စက်ရုံလည်ပတ်သည့် အလုပ်ချိန်ကို လျှော့ချထားကြရသဖြင့် ဘီဟာ၊ ရာဂျက်စသန် အစရှိသည့် ပြည်နယ်များတွင် တစ်နေ့ ၁၄ နာရီ မီးဖြတ်နေရသည်။
.cnn.com, reuters.com