အိန္ဒိယက မတ်ပဲ နှင့် ပဲစင်းငုံကို ယခင်နှစ်ပမာဏအတိုင်း ဝယ်ယူမည်


02 April, 2019

မြန်မာနိုင်ငံရဲ့ အဓိကပဲဝယ်လက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံက မတ်ပဲ နဲ့ ပဲစင်းငုံတို့ကို အရင်နှစ်ပမာဏများအတိုင်း ဝယ်ယူမယ်လို့ ကြေညာလိုက်ပြီးတဲ့နောက်သုံးရက်အတွင်း မတ်ပဲတစ်တန်ကို ကျပ် ၄၂,၀၀၀ မှ ၇၂,၀၀၀ အထိ နှင့် ပဲစင်းငုံတစ်တန်ကို ကျပ် ၆၂,၀၀၀ ထိ ဈေးနှုန်းများမြင့်တက်သွားကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ သိရပါတယ်။

အိန္ဒိယက မတ်ပဲ ၊ ပဲတီစိမ်း တန်ချိန် တစ်သိန်းခွဲ နှင့် ပဲစင်းငုံ တန်ချိန် နှစ်သိန်း တင်ပို့ခွင့်ပြုမယ်လို့ မတ်လ ၂၉ ရက်နေ့က ကြေညာလိုက်ပေမယ့်လည်း မည်သည့်ကာလမှစပြီး တင်ပို့ခွင့်ပြုမည်ဆိုခြင်းနှင့် ပတ်သက်၍ လုပ်ငန်းစဉ်အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရပါတယ်။

အိန္ဒိယမှ ဝယ်ယူမယ်လို့ ကြေညာလိုက်ခြင်းအပြင် အခုနှစ် ပဲထွက်ရာသီမှာ  ပြည်တွင်းပဲထွက်နှုန်းနည်းခြင်း၊  ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံများကဲ့သို့ ပဲစားသုံးတဲ့နိုင်ငံများကလည်း အဝယ်လိုက်နေခြင်းတို့ကြောင့် အခုလို ပဲဈေးနှုန်းများ မြင့်တက်ခြင်းဖြစ်တယ်လို့ ပဲကုန်သည်များက ဆိုပါတယ်။

“ဘယ်လိုပုံစံနဲ့ ဝယ်မလဲမသိသေးဘူး။ ဒါပေမဲ့ ဒီဘတ်ဂျက်နှစ်ထဲ ဝယ်မယ်ဆိုတာတော့ ကျိန်းသေတယ်။ ဈေးနှုန်းကတော့ သူတို့ (အိန္ဒိယကုန်သည်) ကလည်း ဈေးလျှော့ပြီး ဝယ်လာနိုင်တယ်။ သူတို့ဝယ်တဲ့အပေါ် မူတည်တယ်။ နောက်ဘာဖြစ်မလဲဆိုတာ ပြောရခက်တယ်” လို့ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က မတ်ပဲ ၊ ပဲတီစိမ်းတို့ကို တန်ချိန် တစ်သိန်းခွဲ နှင့် ပဲစင်းငုံ တန်ချိန် နှစ်သိန်းကို ဇန်နဝါရီ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်နေ့အထိသာ ကန့်သတ်ကာလဖြင့် အိန္ဒိယအစိုးရက ဝယ်ယူမယ်လို့ကြေညာခဲ့ပါတယ်။

ဒါပေမယ့် အမှန်တကယ် ယင်းကာလကျော်လွန်ခဲ့ချိန်မှာ အိန္ဒိယနိုင်ငံ၏ လိုအပ်ချက်ကြောင့် ပြည်နယ်တရားရုံးများရဲ့ ခွင့်ပြုချက်နဲ့ အခုနှစ်မတ်လ ၃၁ ရက်နေ့အထိ တင်ပို့ခွင့်ရရှိခဲ့တာကြောင့် ပြည်တွင်းပဲဈေးများ မြင့်တက်ခဲ့ရပါတယ်။

အိန္ဒိယအစိုးရက ၂၀၁၇ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့နဲ့ ဩဂုတ်လ ၂၁ ရက်နေ့တို့မှာ ပဲတီစိမ်း နဲ့ မတ်ပဲတို့ကို ကန့်သတ်ကုန်စည်အဖြစ် ကြေညာခဲ့တဲ့အတွက် မြန်မာ့ပဲဈေးကွက် ပျက်ခဲ့ရပါတယ်။

ပြီးနောက် နှစ်နိုင်ငံအစိုးရများ ညှိနှိုင်းပြီး ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်မှ ဩဂုတ် ၃၁ ရက်နေ့အထိ အချိန်ကာလ သတ်မှတ်၍ ယခုနှစ်တွင်မူ လုပ်ငန်းစဉ်အသေးစိတ် မထုတ်ပြန်သေးဘဲ ပဲများကိုပမာဏသတ်မှတ်ပြီး တရားဝင်တင်ပို့ခွင့်ပြုထားပါတယ်။

The Voice

Export, Import Read 970 times