ဧပြီလတွင် မတ်ပဲစိုက်ဧက ရာခိုင်နှုန်း ၈၀ မှ တန်ချိန်လေးသိန်းကျော်ထွက်ရှိမည့် အတွက် အိန္ဒိယက ပိတ်ထားသည့် ပဲတင်ပို့မှု ပြန်လည်ဖွင့်ပေးရန် နှောင့်နှေးပါက ပြည်တွင်းပဲဈေး ပြန်ကျမည်ကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အထွေထွေအတွင်းရေးမှူး ဦးမင်းကိုဦးက ပြောပါတယ်။
ဈေးနှုန်းကျ
မြန်မာနိုင်ငံအနေနဲ့ အိမ်နီးနားချင်း အိန္ဒိယကိုတင်ပို့တဲ့ မတ်ပဲ၊ ပဲစင်းငုံ ဈေးနှုန်းကျတဲ့ ဒဏ်ကိုခံခဲ့ရပါတယ်။ ၂၀၁၇–-၂၀၁၈ ဘဏ္ဍာနှစ်မှာ ပဲမျိုးစုံ တန်ချိန် ၁၃ သိန်းကျော်လောက် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၈၈၀ ကျော်ပဲရပါတယ်။ အနီးကပ်ဆုံးသန်း ၉၀ဝ တောင်မပြည့်ပါဘူး။ ယခင်ကဆိုရင် တန်ချိန် ၁၃ သိန်းကျော်၊ ၁၄ သိန်းလောက် တင်လျင် ၁ဒသမ၂ ဘီလီယံ သို့မဟုတ် ၁ဒသမ၃ ဘီလီယံ (ကျပ်သန်းပေါင်း ၁၃၀ဝ ကျော် ၁၄၀ဝ) လောက်ပုံမှန်ရပါတယ်။ ၂၀၁၇–၂၀၁၈ ခုနှစ်မှာ တင်ပို့နိုင်တဲ့ ပမာဏကျမသွားသော်လဲ ဝင်ငွေအရမ်း လျော့ကျသွားကြောင်းသိရပါတယ်။
မြင့်တက်လာနိုင်
၂၀၁၈ခုနှစ် သြဂုတ်လမှ ၂၀၁၉ခုနှစ် ဇန်နဝါရီလကုန်အထိ ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် ၁၁ သိန်းနီးပါးခန့်တင်ပို့ပြီး ယခုနှစ်တွင် မြင့်တက်လာနိုင်ကြောင်း၊ မတ်ပဲနှင့်ပဲစင်းငုံတို့မှာ ဈေးပြန်တက်ခဲ့သော်လည်း ယခင်လောက်ရရှိရန် ခက်ခဲမည်ဖြစ်ကြောင်း ဦးမင်းကိုဦးက ဆက်လက်ပြောပါတယ်။
ထိန်းညှိဝယ်ယူ
ထို့ကြောင့် ပဲဈေးကျဆင်းခဲ့ပါက ကောင်းမွန်စွာဖြေရှင်းနိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနနှင့် ပဲနှမ်းအသင်းကုန်စည်ဒိုင်တို့ ညှိနှိုင်းဆွေးနွေးမှု မူကြမ်းအရ အိန္ဒိယနိုင်ငံသို့ ကိုတာစနစ် သီးသန့်ရရှိရန် တောင်းဆိုရန်၊ ပြည်တွင်း၌ ငွေကြေးလိုအပ်ချက်များအရ အက်စ်အမ်အီး ချေးငွေများကို နိုင်ငံတော်အစိုးရက ချပေးနိုင်ရန်နှင့် ပဲဈေးများကျဆင်းခဲ့ပါက ကုန်သည်များက ပဲဈေးကို ထိန်းညှိဝယ်ယူရေး ပြင်ဆင်လျက်ရှိပါတယ်။
နားလည်မှုစာချွန်လွှာ
အိန္ဒိယနိုင်ငံအစိုးရက ၂၀၁၇ ခုနှစ် သြဂုတ်လမှ စတင်ကာ ပြည်ပပဲတင်သွင်းခွင့်ကို ကန့်သတ်ခဲ့ရာ မြန်မာပဲတောင်သူများနှင့် ပဲကုန်သည်များ အခက်တွေ့ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တရားဝင်ပဲတင်ပို့ခွင့်ရရှိရေး နှစ်နိုင်ငံအစိုးရချင်း နားလည်မှုစာချွန်လွှာ (သြ့) အမြန်ဆုံးရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။