တစ်ဦးချင်းချေးငွေနှင့် အပေါင်မဲ့ချေးငွေများ ပေးနိုင်ရန်ဆောင်ရွက်


07 February, 2019

ရိုးမဘဏ်နှင့် မဟာဘောဂ ငွေချေးလုပ်ငန်းတို့ပူးပေါင်း၍ တစ်ဦးချင်းချေးငွေနှင့် အပေါင်မဲ့ချေးငွေများကို ဆောင်ရွက်သွားမည်ဟု ရိုးမဘဏ်က ထုတ်ပြန်လိုက်ပါတယ်။ လုပ်ငန်းချဲ့ထွင်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များအတွက် အပေါင်မဲ့ချေးငွေများကို ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်သည့် သဘောတူညီမှုတစ်ရပ်ကို လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန်အတွက် ကျပ်ငွေ သန်း ၂,၂ဝဝ တန်ဖိုးရှိ Semi Collateralized ငွေကြေးသဘောတူညီမှုစာချုပ်ကို နှစ်ဖက်အဖွဲ့အစည်းအကြား ဖေဖော်ဝါရီ ၁ ရက်က လက်မှတ်ရေးထိုးထားခဲ့ပါတယ်။

''ရိုးမဘဏ်အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အရေးပါတဲ့ ငွေကြေးကူညီထောက်ပံ့မှုနဲ့ ချေးငွေရယူမှုအတွက် မဟာဘောဂကို ကူညီခွင့်ရတာ ကျေနပ်မိပါတယ်။ ရိုးမဘဏ်ဟာ ဘဏ်မဟုတ်တဲ့ ငွေကြေးအဖွဲ့အစည်း MFIs ကို ငွေကြေးကူညီထောက်ပံ့ပေးမှု စတင်ခဲ့တဲ့အချိန်ကနေ အခုအချိန်အထိ MFIs လုပ်ငန်းပေါင်း ၁ဝ ခုကို  စုစုပေါင်း ကျပ်ငွေ ၇၅ ဒသမ ၇ ဘီလျံ ပေးအပ်ပြီးဖြစ်ပါတယ်''ဟု ရိုးမဘဏ်၏ CEO ဖြစ်သူ Mr. Hal Bosher က ပြောပါတယ်။

မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်သော အသေးစားငွေချေးလုပ်ငန်းအဖွဲ့အစည်းများ၊ ဘဏ်မဟုတ်သော ငွေကြေးဝန်ဆောင်မှုလုပ်ငန်း အဖွဲ့အစည်းများနှင့် ပူးပေါင်းခြင်းဖြင့် ဘဏ်လုပ်ငန်းနှင့် အလှမ်းဝေးသောလူအများကို ပုံမှန်ဘဏ္ဍာရေးငွေကြေး ပံ့ပိုးပေးနိုင်ရန် ရိုးမဘဏ်အနေဖြင့် ဆက်လက်လုပ်ဆောင်သွားရန် ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

မဟာဘောဂသည် စတင်တည်ထောင်ခဲ့သည့် ၂ဝ၁၄ ခုနှစ်မှ လက်ရှိအချိန်အထိတွင် ကျပ်ငွေ ၄ ဒသမ ၅၉ ဘီလျံဖြင့် လည်ပတ်နေသည့် ငွေကြေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး လေးနှစ်ကျော်ကာလအတွင်း ရန်ကုန်၌ ဖောက်သည်ပေါင်း တစ်သောင်းလေးထောင်ကျော်ကို ငွေကြေးဝန်ဆောင်မှုများ ပေးအပ်ထားသည့် လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။

ငွေကြေးပံ့ပိုးရာတွင် သာမန်လူတန်းစားများနှင့် ဝန်ထမ်းများ အများဆုံးရယူနိုင်သော တစ်ဦးချင်းချေးငွေ၊ အပေါင်ပစ္စည်းဖြင့် ရယူနိုင်သည့် အိမ်ရာချေးငွေနှင့် ကားဝယ်ယူချေးငွေ အစရှိသည်တို့အပါအဝင် လူတိုင်း၏လိုအပ်ချက်နှင့် ကိုက်ညီစေနိုင်မည့်  အမျိုးမျိုးသော ချေးငွေများကို မဟာဘောဂ ငွေချေးလုပ်ငန်းက ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။ သို့သော် ချေးငွေစုပေါင်းတန်ဖိုး၏ ၈၅ ရာခိုင်နှုန်းကိုမူ တစ်ဦးချင်း ချေးငွေဝန်ဆောင်မှုတွင် ထောက်ပံ့ပေးထားခြင်းဖြစ်ပါတယ်။

 

Banking & Loan Read 2374 times