အခွန်ထမ်းတစ်ဦးချင်း၏ အခွင့်အရေး


31 August, 2018

အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးတွင် အခွန်ထမ်းဆောင်လျက်ရှိသော အခွန်ထမ်းတစ်ဦးချင်း၏ အခွင့်အရေးများကို ဖော်ပြထားပါသည်။

အချက်အလက်များတောင်းဆိုပိုင်ခွင့်များ

********

အခွန်ထမ်းကြီးများသည် အခွန်ဥပဒေများနှင့်အညီ လိုက်နာနိုင်ရန်လိုအပ်သော အချက်အလက်များကို သိရှိနိုင်ခွင့်၊ သက်ဆိုင်ရာအခွန်ပုံစံများ၊ ညွှန်ကြားချက်များ၊ ထုတ်ပြန်ချက်များ၊ အမိန့်ကြော်ငြာစာများ၊ သက်ဆိုင်ရာအကြောင်းကြားစာများကို ရှင်းလင်းစွာ သိရှိနိုင်ခွင့်နှင့် ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များ၊ ရလဒ်များ အပေါ် ရှင်းလင်းချက်များတောင်းဆိုပိုင်ခွင့် နှင့် ရရှိပိုင်ခွင့်ရှိပါသည်။

အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုများ ရရှိပိုင်ခွင့်များ

********

မိမိတို့အနေဖြင့် လုပ်ငန်းသဘာဝအရ ဆက်သွယ်ဆောင်ရွက်နေရသော အခွန်ထမ်းကြီးများအားလုံးကို လေးစားမှု နှင့် ယဉ်ကျေးမှုတို့ကိုရှေ့ထားပြီး မျှမျှတတ၊ သမာသမတ်ကျကျဆက်ဆံပါမည်။ မိမိတို့အနေဖြင့် အချိန်တိုင်းတွင် ရိုးသားဖြောင့်မတ်ခြင်း၊ အရည်အသွေးပြည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်း၊ ယုံကြည်ကိုးစားနိုင်ခြင်းနှင့် တာဝန်ယူမှုအပြည့်ရှိခြင်းဟူသည့် အရည်အသွေးများဖြင့် လုပ်ငန်းများကို ဆောင်ရွက်ပါမည်။ အခွန်ထမ်းကြီးများအတွက် မိမိတို့ပေးအပ်သည့် ဝန်ဆောင်မှုများသည် ကြိုတင်ပြင်ဆင်မှုရှိသောအချိန်နှင့် တစ်ပြေးညီဖြစ်သော၊ မှန်ကန်သော၊ နွေးထွေးပျူငှာသော၊ ရှေ့နောက်ညီညွတ်မှုရှိသော၊ လွယ်ကူအဆင်ပြေသော ဝန်ဆောင်မှုများဖြစ်ရပါမည်။

အခွန်ထမ်းတစ်ဦးအနေဖြင့် သင်၏ အခွင့်အရေး

********

အခွန်ထမ်းတစ်ဦးအနေဖြင့် သင်သည် မိမိတို့ထံမှ အောက်ပါအချက်များကို မျှော်မှန်းပိုင်ခွင့်ရှိပါသည်-

(၁) သင့်အား မျှမျှတတ၊ ချင့်ချင့် ချိန်ချိန်၊ ယဉ်ယဉ်ကျေးကျေးဆက်ဆံရန်

(၂) သင့်အား ရိုးသားသည်ဟု မှတ်ယူဆက်ဆံရန်

(၃) မိမိတို့ လုပ်ဆောင်သမျှအတွက် တာဝန်ခံရန်

(၄) သင့်အားအကူအညီပေးရန်နှင့်အသိပညာပေးရန်

(၅) သတင်းအချက်အလက်များကို လျှို့ဝှက်ထိန်းသိမ်းထားရန်

(၆) ကြားနာခံပိုင်ခွင့်ပြုရန်

(၇) သင်၏ကိုယ်စားလှယ်ထားပိုင်ခွင့်ကို လက်ခံရန်

(၈) သင်၏အယူခံပိုင်ခွင့်ကို လက်ခံရန်

အခွန်ထမ်းတစ်ဦးအနေဖြင့် သင်၏တာဝန်များ

********

အခွန်ဌာနမှလည်း သင့်အနေဖြင့် အခွန်တာဝန်များကို မှန်ကန်စွာနှင့် သစ္စာရှိစွာ ထမ်းရွက်လျက်ရှိသည်ဟု ယုံကြည်ထားပါသည်။ သင့်အနေဖြင့် အောက်ပါတို့ကို ဆန္ဒအလျောက်ဆောင်ရွက်လိမ့်မည် ဟုယုံကြည်ထားပါသည်-

၁။ အခွန်ထမ်းအဖြစ် မှတ်ပုံတင်မည်။

၂။ အခွန်ဥပဒေများကို လိုက်နာဆောင်ရွက်မည်။

၃။ မှန်ကန်၊ ပြည့်စုံဖြောင့်မတ်သော ကြေညာလွှာများကို အချိန်မီတင်သွင်းမည်။

၄။ ထိုက်သင့်သော အခွန်ပမာဏကို ပေးဆောင်မည်။

၅။ သင်၏ အရောင်းအဝယ်များနှင့်စပ်လျဉ်းပြီး စာရင်းအင်းများ၊ စာရွက်စာတမ်းများနှင့် မှတ်တမ်း များထိန်းသိမ်းထားရှိမည်။

ပေးဆောင်ထိုက်သောအခွန်ပမာဏကိုသာ ပေးဆောင်ပိုင်ခွင့်

********

အခွန်ထမ်းကြီးများသည် တည်ဆဲအခွန်ဥပဒေများအရ ပေးဆောင်ထိုက်သောအခွန်နှင့် ဒဏ်ငွေပမာဏကိုသာ ပေးဆောင်ပိုင်ခွင့်ရှိစေရမည်။

အခွန်ဥပဒများနှင့်အညီအယူခံခွင့်ရှိခြင်း

********

အခွန်ထမ်းကြီးများသည် မိမိနှင့် သက်ဆိုင်သည့် မည်သည့်အမိန့်ကိုမဆို မကျေနပ်လျှင် စည်းမျဉ်းများဖြင့်ပြဌာန်းထားသည့်အတိုင်းအယူခံဝင်နိုင်သည်။

စာရင်းစစ်ဆေးခြင်း ပြီးစီးမည့်အချိန်

********

အခွန်ထမ်းကြီးများသည် စစ်ဆေးမည့်နှစ်နှင့် သက်ဆိုင်ရာစာရင်းများကိုစစ်ဆေးရန် အများဆုံးကြာမြင့်မည့်အချိန်၊ ဌာန၏သဘောထားစသည်တို့အား လူကြီးမင်းတို့ထံမှ အချက်အလက်ရရှိနိုင်မှုအပေါ် မူတည်ပြီး အချိန်ကန့်သတ်ချက်ကို သိရှိနိုင်ခွင့်ရှိသည်။

အချက်အလက်များနှင့်ပတ်သက်၍ ယုံကြည်မှုရှိ ပိုင်ခွင့်

********

ပြည်တွင်းအခွန်များဦးစီးဌာနသို့ အခွန်ထမ်းကြီးများပေးအပ်သည့် သတင်းအချက်အလက်များအားလုံးကို ပြည်ထောင်စုအစိုးရကိစ္စမှအပ ထုတ်ဖော်ခြင်းမပြုပဲ ဥပဒေနှင့်အညီ လျှို့ဝှက်ထိန်းသိမ်းထားမည်ဖြစ်ပါသည်။

ကိုယ်စားလှယ်ထားရှိပိုင်ခွင့်

********

အခွန်ထမ်းကြီးများသည် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် လူကြီးမင်းတို့ကိုကိုယ်စားပြု၍ အခွန်ဆိုင်ရာကိစ္စအဝဝကိုဆောင်ရွက်ရန် တရားဝင်ခန့်အပ်ထားသော ကိုယ်စားလှယ်ကို ထားရှိပိုင်ခွင့်ရှိသည်။

Source: Irdmyanmar

Taxation Tips Read 720 times