မီးထိုးကျောက်မီးသွေး ပြည်ပတင်ပို့မှု အင်ဒိုနီးရှား ပိတ်ပင်တဲ့ဂယက်


08 January, 2022

မီးထိုးကျောက်မီးသွေး ပြည်ပတင်ပို့မှု အင်ဒိုနီးရှား ပိတ်ပင်တဲ့ဂယက်

မီးထိုးကျောက်မီးသွေး ကမ္ဘာ့အများဆုံး တင်ပို့တဲ့ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ ပြည်တွင်း ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားထုတ်လုပ်ရေး စက်ရုံတွေအတွက် လက်ကျန်ကျောက်မီးသွေး လျော့နည်းနေတာကြောင့် အစိုးရက မီးထိုးကျောက်မီးသွေး ပြည်ပတင်ပို့မှုများကို ယခုနှစ် နှစ်စမှစ၍ ယာယီပိတ်ပင်ထားလိုက်ပါတယ်။

အင်ဒိုနီးရှားမှ အဓိကကျတဲ့ ကျောက်မီးသွေးတွင်း လုပ်ငန်းများအနေဖြင့် ပြည်ပတင်ပို့ရန် သင်္ဘောများ စီစဉ်ထားပြီး ဖြစ်တဲ့အတွက်ကျောက်မီးသွေး မတင်နိုင်ရင် လျော်ကြေးများနဲ့ ဒဏ်ကြေးများ ပေးဆောင်ရမယ့်အရေး ပေါ်ပေါက်နေပါတယ်။ အစိုးရက အစည်းအဝေး ခေါ်မယ် ပြောထားပေမဲ့ မခေါ်ဖြစ်သေးလို့ အစည်းအဝေးရလဒ်ကို စောင့်ကြည့်ဖို့ ကမ်းလွန်မှာ ကျောက်မီးသွေးသင်္ဘောတွေကို စောင့်ခိုင်းထားရပါတယ်။

အင်ဒိုနီးရှား ကျောက်မီးသွေး တင်ပို့မှု တန်ချိန် ၅.၉ သန်းကို တင်ဖို့ ရောက်ရှိနေတဲ့ သင်္ဘော ၁၀၀ ကျော်တို့ အင်ဒိုနီးရှားရဲ့ ကျောက်မီးသွေး အဓိက တင်ပို့တဲ့ ဆိပ်ကမ်းဖြစ်တဲ့ ကာလီမန်တန်မှာစောင့်ဆိုင်းနေကြတယ်။

အင်ဒိုနီးရှား ကျောက်မီးသွေးတွင်း လုပ်ငန်းရှင်များအသင်း Indonesia Coal Miners Association က အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းနေဆဲ လို့ ဆိုပါတယ်။
 
 

DMO မူဝါဒ
အင်ဒိုနီးရှား ကျောက်မီးသွေးတွင်းလုပ်ငန်းများဟာ ထုတ်လုပ်မှုပမာဏ စုစုပေါင်းတန်ချိန်ရဲ့ ၂၅% ကို ပြည်တွင်းမှ ဓာတ်အားစက်ရုံတွေကို ရောင်းချရမယ်လို့ ပြဌာန်းထားပါတယ်။ ဈေးနှုန်း အများဆုံး တစ်တန်ကို ဒေါ်လာ ၇၀ လို့လည်း သတ်မှတ်ပေးထားပါတယ်။
ပြည်တွင်းဈေးကွက် ဓာတ်အားစက်ရုံတွေကို ကုမ္ပဏီထုတ်လုပ်မှု တန်ချိန်စုစုပေါင်းရဲ့ ၂၅% ျရာင်းချရန်တာဝန် Domestic Market Obligation (DMO) မပြည့်တဲ့ ကုမ္ပဏီတချို့ ရှိနေတာကြောင့် ကျောက်မီးသွေး ပြည်ပတင်ပို့မှု ပိတ်ပင်ထားလိုက်တာ ဖြစ်ပါတယ်။

DMO မူဝါဒ သတ်မှတ်ဈေး ၁ တန်  ၇၅ အမေရိကန်ဒေါ်လာက ပြင်ပပေါက်ဈေးထက် အရမ်းနည်းနေပါတယ်။ ပြည်ပတင်ပို့ရင် ၁ တန် အမေရိကန်ဒေါ်လာ ၁၇၀ ရရှိပါတယ်။ တရုတ်နှင့် အိန္ဒိယတို့မှာ ဓာတ်အားစက်ရုံများအတွက် လိုအပ်ချက်ကြောင့် အဝယ်လိုက်ခဲ့စဉ် အမေရိကန်ဒေါ်လာ ၂၅၀ အထိ မြင့်တက်ခဲ့ပါတယ်။

ဈေးကွာခြားမှု ကြီးမားသဖြင့် ကျောက်မီးသွေးတွင်းလုပ်ငန်းအချို့က ထုတ်လုပ်သမျှ ပြည်ပတင်ပို့လိုက်ပြီး DMO ပေးသွင်းဖို့ ပျက်ကွက်ကြပါတယ်။

ယမန်နှစ်က ကျောက်မီးသွေး ထုတ်လုပ်ရန် တန် ၆၁၁ သန်း လျာထားခဲ့ပြီး ၆၁၁ သန်းသာ ထုတ်လုပ်ခဲ့ပါတယ်။ ရာသီဉတု ဆိုးဝါးခြင်း၊ ကျောက်မီးသွေး ထုတ်လုပ်ရန် လိုအပ်တဲ့ စက်ယန္တရားကြီးများ အလုံအလောက် မရရှိခြင်း တို့ကြောင့် ထုတ်လုပ်မှု ကျဆင်းခဲ့ပါတယ်။

 

ရက်၂၀ စာ လိုအပ်ဆဲ

နိုင်ငံပိုင် ဓာတ်အားလုပ်ငန်း Perusahaan Listrik Negara (PLN) ရဲ့ ပြောကြားချက်အရ ကျောက်မီးသွေး အရန်သိုလှောင်မှုအတွက် တန်ချိန် ၁၃.၉ သန်း ရရှိထားပြီး ရက် ၂၀ စာ အရန်သိုလှောင်မှုအတွက် နောက်ထပ် တန် သန်း ၂၀ လိုအပ်နေဆဲဖြစ်ပါတယ်။

 

ကုမ္ပဏီကြီးများ တုံ့ပြန်ပြောကြား

အင်ဒိုနီးရှားမှ အကြီးမားဆုံး ကျောက်မီးသွေးတွင်းလုပ်ငန်း Bumi Resources က သင်္ဘောတွေကို ကျောက်မီးသွေး အချိန်မီ တင်မပေးနိုင်တာအတွက် ကြန့်ကြာကြေး demurrage နဲ့ ဒဏ်ကြေးတွေ ဘယ်လောက်ထိခိုက်မလဲဆိုတာ ဆန်းစစ်နေဆဲလို့ ဆိုပါတယ်။

" အစိုးရက တင်ပို့မှု ပိတ်ပင်ထားတာကို ပြည်တွင်းဈေးကွက် ဖြည့်ဆည်းပေးပြီးတဲ့ ကုမ္ပဏီတွေအတွက်တော့ ချက်ချင်းခွင့်ပြုပေးလိမ့်မာ်လို့ ကုမ္ပဏီအနေဖြင့် မျှော်လင့်ပါတယ်" လို့ Bumi Resources က ထုတ်ပြန်ကြေညာပါတယ်။

အင်ဒိုနီးရှားမှ ဒုတိယအကြီးမားဆုံး ကျောက်မီးသွေးတွင်းလုပ်ငန်း Adaro Energy ရဲ့ လုပ်ငန်းခွဲ Adaro Minerals Indonesia က သတ္တုရည်ကြိုသုံး ကျောက်မီးသွေးများ တင်ပို့ခွင့်ပေးဖို့ တောင်းဆိုတဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ စတီးထုတ်လုပ်ရာမှာ သုံးစွဲတဲ့ ကျောက်မီးသွေး ဖြစ်ပြီး ဓာတ်အားစက်ရုံတွေမှာ သုံးစွဲခြင်း အလျဉ်းမရှိတဲ့ ကျောက်မီးသွေး အမျိုးအစား ဖြစ်ပါတယ်။

Indika Energy ကတော့ တင်ပို့မှု ဆက်ပိတ်ပင်ထားရင် ကျောက်မီးသွေး ထုတ်လုပ်မှု လျှော့ချဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။


တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယား

အင်ဒိုနီးရှားရဲ့ နိုင်ငံတကာ ကုန်သွယ်ရေးမှာ ကျောက်မီးသွေးက အကြမ်းအားဖြင့် တသ်လလျှင် အမေရိကန်ဒေါ်လာ ၃ ဘီလျံ ရရှိစေပါတယ်။ 

၂၀၂၁ မှာ အင်ဒိုနီးရှား ကျောက်မီးသွေး တင်ပို့မှုရဲ့ ၇၃% က တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ထံ တင်ပို့ခဲ့ပါတယ်။

ဓာတ်အားထုတ်လုပ်မှုနှင့် ကုန်ထုတ်လုပ်မှုတို့အတွက် အင်ဒိုနီးရှား ကျောက်မီးသွေး တစ်လ တန်ချိန် ၂ သန်း တင်သွင်းနေတဲ့ ဂျပန်က အင်ဒိုနီးရှား စွမ်းအင်ဝန်ကြီးဌာနထံ စာပေးပို့ပြီး ကယ်လိုရီအမြင့် ကျောက်မီးသွေး တင်ပို့မှု ပိတ်ပင်ထားခြင်းကို ဖယ်ရှားပေးဖို့နဲ့ ဂျပန်သို့ တင်ပို့မယ့် ကျောက်မီးသွေးများ တင်ထားပြီးသား သင်္ဘော ၅ စီးကို ဆိပ်ကမ်းမှ ထွက်ခွာခွင့်ပြုဖို့ ပန်ကြားပါတယ်။

အိန္ဒိယကတော့ လောလောဆယ်မှာ ပြည်တွင်းထုတ်လုပ်မှုဖြင့် လုံလောက်နေလို့ အင်ဒိုနီးရှား အစိုးရထံ တစုံတရာ ဆက်သွယ်ပန်ကြားခြင်း မပြုသေးဘူးလို့ ဆိုပါတယ်။

တရုတ်နှင့် တောင်ကိုရီးယားတို့မှာ အရန်သိုလှောင်ထားတဲ့ ကျောက်မီးသွေး အလုံအလောက် ရှိနေတဲ့အပြင် ဓာတ်အားထုတ်လုပ်မှုကို ကျောက်မီးသွေးအစား အခြားအစားထိုး နည်းလမ်းများဖြင့် လုပ်ဆောင်ပေးနိုင်ကြပါတယ်။
ဒါပေမဲ့ ဂယက်ထပြီး ကြိုဝယ်ဈေးကွက်မှာ ဈေးခုန်တက်ပါတယ်။
၂၀၂၁ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ အင်ဒိုနီးရှား မီးထိုးကျောက်မီးသွေး တန်ချိန် ၁၇၈ သန်းကို တရုတ်နိုင်ငံက တင်သွင်းခဲ့ပါတယ်။ တရုတ်နိုင်ငံမှ တင်သွင်းတဲ့ မီးထိုးကျောက်မီးသွေး ၆၀% ကျော်ကို အင်ဒိုနီးရှားမှ တင်သွင်းပါတယ်။
 ပြည်တွင်း ထုတ်လုပ်မှုကို တိုးမြှင့်ခဲ့ရာ ၂၀၂၁ နိုဝင်ဘာလမှာ တန်ချိန် ၃၇၀.၈၄ သန်း စံချိန်တင် ထုတ်လုပ်ခဲ့ပါတယ်။

 

 

Export, Import Global News Read 1218 times