သယံဇာတ ကျိန်စာ ဖယ်ရှားရန် အင်ဒိုနီးရှား ကြိုးပမ်း


05 February, 2022

သယံဇာ ကျိန်စာ အင်ဒိုနီးရှား ဖယ်ရှားရန် ကြိုးပမ်း

အင်ဒိုနီးရှားက သယံဇာတကျိန်စာ နှင်ထုတ်ဖို့ စတင်ကြိုးပမ်းမှုက ကမ္ဘာ့သယံဇာတ ကုန်ချောထုတ်လုပ်သူများကို လှုပ်ခါလိုက်ပါတယ်။

အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက သံဖြူ၊ ရွှေ၊ ကြေးနီ သယံဇာတများ သတ္တုရိုင်းအဖြစ် ပြည်ပတင်ပို့ခြင်းကို ပိတ်ပင်လိုက်ပါတယ်။ သတ္တုသန့်စင်စက်ရုံတွေ ထူထောင်လုပ်ကိုင်ဖို့ ပြည်ပရင်းနှိးမြှုပ်နှံသူများကို ဖိတ်ခေါ်လိုက်ပါတယ်။

သမ္မတ ဂျိုကိုဝီဒိုဒိုက ရင်းနှီးမြှုပ်နှံမှုများ ပြည်ပမှ စီးဝင်လာလိမ့်မယ်လို့ ယုံကြည်စိတ်ချထားပါတယ်။ "ကျွန်တော်တို့ ပြည်ပတင်ပို့နေတာတွေ ရပ်လိုက်တယ်။ (အလူမီနီယမ်သတ္တုထုတ်တဲ့) ဘောက်ဆိုက် သတ္တုရိုင်း တင်ပို့တာ ရပ်တယ်။ ကြေးနီသတ္တုရိုင်း ရပ်တယ်။ သံဖြူ ရပ်တယ်။ ရွှေ ရပ်တယ်။ အကုန်လုံး ရပ်တယ်ဆိုရင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ရောက်လာမှာပါ" လို့ ပြောကြားပါတယ်။

သန့်စင်ခြင်းမပြုတဲ့ သယံဇာတများ တင်ပို့ခြင်းကို ရပ်တာမှာ ကမ္ဘာ့စက်မှုလုပ်ငန်းများအတွက် အလွန်အရေးပါတဲ့ ဘောက်ဆိုက်၊ ရွှေ၊ ကြေးနီတို့ ပါဝင်ပြီး ၂၀၂၃ နှစ်လယ်မှာ စတင်ရပ်ဆိုင်းမှာ ဖြစ်ပါတယ်။
အချို့သယံဇာတတွေက လျှပ်စစ်မော်တော်ယာဉ်များ၊ အဆင့်မြင့် ချစ်ပ်များ၊ ၂၁ရာစုမှာ ဦးဆောင်နေတဲ့ စက်မှုလုပ်ငန်းများအတွက် အလွန်အရေးကြီးပါတယ်။

 

ဂယက်ကြီးမားကြာမြင့်

အင်ဒိုနီးရှားက ဇန်နဝါရီမှာ ကျောက်မီးသွေး ပြည်ပတင်ပို့မှုကို တစ်လ ရုတ်တရက်ရပ်ဆိုင်းထားလိုက်တာ ဂယက်ရိုက်သွားပါတယ်။
ဒါပေမဲ့ သယံဇာတတွေ ပြည်ပတင်ပို့မှု အပြီးအပိုင် ပိတ်တဲ့အခါ ထမယ့်ဂယက်နဲ့ နှိုင်းစာရင် မပြောပလောက်ပေ။ ယာယီရပ်ဆိုင်းခြင်းသာ ဖြစ်ပြီ အမြဲတစေ အပြီးအပိုင် ရပ်လိုက်တာ မဟုတ်တဲ့အတွက် ဂယက်ရိုက်တာ ယာယီမျှသာ ဖြစ်ပါတယ်။ သယံဇာတအချို့ တင်ပို့မှု ပိတ်ပင်တာကြောင့် ယခုနှစ်ကတည်းက ကမ္ဘာ့ဈေးကွက်မှာ ဈေးမြင့်တက်လာ နိုင်ပါတယ်။ 

 

ကျိန်စာနှင် မူဝါဒ

သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ သယံဇာတ မူဝါဒကို မလိုလားသူတွေက ကိုယ်ကျိုးစီးပွား ကာကွယ်ရေး၊ အမျိုးသားရေး ရှေ့တန်းတင်ခြင်း စသဖြင့် အမည်တံဆိပ် ကပ်ကြပါတယ်။

 ဒါပေမဲ့ အင်ဒိုနီးရှားနိုင်ငံ စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးအရှိန်တင်ဖို့ ကြိုးပမ်းခြင်းအတွက် အရေးပါပြီး သယံဇာတကျိန်စာကိုလည်း ဖယ်ရှားစေနိုင်မှာ ဖြစ်ပါတယ်။ သဘာဝ သယံဇာတ အရင်းအမြစ်များ အ‌မြောက်အမြား အလျှံပယ် ရှိနေပါလျက် တိုင်းပြည်က ဖွံ့ဖြိုးမှု နောက်ကျနေတာကို သယံဇာတကျိန်စာသင့်နေတယ်လို့ ပြောဆိုကြတာ ဖြစ်ပါတယ်။
 
 သတ္တုရိုင်း ပြည်ပတင်ပို့မှုများ ပိတ်ပင်ထားလိုက်တဲ့အတွက် သတ္တုသန့်စင်စက်ရုံတွေ ထူထောင်လုပ်ကိုင်ကြရမှာဖြစ်ပြီး အလုပ်အကိုင်တွေ ရကြမယ်။ ပို့ကုန်မှာလည်း တန်ဖိုးပိုမြင့်သွားမှာ ဖြစ်ပါတယ်။ 
 အင်ဒိုနီးရှားက သယံဇာတအရင်းအမြစ်တွေ အကြီးအကျယ် ရှိပေမဲ့ သတ္တုတွင်းကဏ္ဍက ၆.၄% သာ ရှိပါတယ်။
 
နီကယ်သတ္တုရိုင်း ပြည်ပတင်ပို့မှုကို အင်ဒိုနီးရှားက မူလသတ်မှတ်ထားတာထက်  ၂ နှစ်စောပြီး ပိတ်ပင်ပါတယ်။ ဥရောပ ယူနီယံ က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ၂၀၁၉ မှာ တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။ ၂၀၂၁ ဇန်နဝါရီလမှာ "အင်ဒိုနီးရှားရဲ့ ပြည်ပတင်ပို့မှုအပေါ် တရားမဝင် ကန့်သတ်ချက်များ ဖယ်ရှားပေးဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ကမ္ဘာ့ဘဏ် ညွှန်ချုပ်ဟောင်း အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီးSri Mulyani Indrawati က အမျိုးသားရေး ရှေ့တန်းတင်တယ်ဆိုတဲ့အချက်ကို ငြင်းဆိုခဲ့ပါတယ်။

"ကျွန်တော်တို့က အာဆီယံမှာ အကြီးမားဆုံး စီးပွားရေး ဖြစ်နေပြီး ကျွန်တော်တို့က  တန်ဖိုးထပ်ဖြည့်မထည့်တဲ့ ကုန်စည်‌ေကုန်စည်တွေ အပေါ် တည်မှီနေရတာတာကို ခွင့်မပြုနိုင်ပါဘူး"
လို့ သူက ရှင်းပြခဲ့ပါတယ်။

သမ္မတ ဂျိုကို ဝီဒိုဒိုကလည်း "ကျွန်တော်တို့ သတ္တုရိုင်းတွေ ပြည်ပတင်ပို့နေခဲ့တာ ဆယ်စုနှစ် အတန်ကြာခဲ့ပါပြီ။  အဲဒါကို ကျွန်တော်တို့ ရပ်ပစ်ဖို့ လိုနေပြီ" လို့ ပြောကြားပါတယ်။

Indonesian Mining Professionals Association ရဲ့ ဥက္ကဋ္ဌ Rizal Kasli က "ပြည်ပ နိုင်ငံများအနေဖြင့် နားလည်သင့်တာက ကုန်ကြမ်းပုံစံဖြင့် ပြည်ပတင်ပို့ခြင်းကိုသာ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ သူတို့ ကုန်ချော ထုန်ကုန်အမျိုးမျိုးကို ရယူနိုင်ပါတယ်။ သူတို့က တိုက်ရိုက်ကျေးဇူးပြုချင်ရင် ရင်းနှီးမြှုပ်နှံမှုများဖြင့် ခုန်ဝင်လိုက်လို့ ရပါတယ်။ ဖွင့်ပေးထားတဲ့အပြင် အစိုးရက ပံ့ပိုးကူညီပေးမှာ ဖြစ်ပါတယ်" လို့ ပြောကြားပါတယ်။

ကြီးမားတဲ့သတ္တုသိုက်များ

အင်ဒိုနီးရှားက ၂၀၂၀ မှာ ဘောက်ဆိုက်သတ္တုရိုင်း ထုတ်လုပ်မှု ကမ္ဘာ့ပဉ္စမ အများဆုံး နိုင်ငံဖြစ်ပြီး ဘောက်ဆိုက်သတ္တုသိုက်က ကမ္ဘာ့ ဆဌမ အကြီးမားဆုံး ဖြစ်ပါတယ်။
သံဖြူသတ္တုရိုင်း ကမ္ဘာ့ဒုတိယအများဆုံး ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီး သံဖြူသတ္တုသိုက်က ကမ္ဘာ့ဒုတိယအကြီးမားဆုံး ဖြစ်ပါတယ်

အင်ဒိုနီးရှား သတ္တုသိုက်တွေထဲမှာ အရေးအပါဆုံးသတ္တုက နီကယ်ဖြစ်ပါတယ်။ စတိန်းလက်စ် စတီး ထုတ်လုပ်ရာမှာ သုံးတဲ့အပြင် လျှပ်စစ်ကားတွေအတွက် ထုတ်လုပ်တဲ့ ဘက်ထရီမှာလည်း သုံးစွဲတာကြောင့် ယခုအခါ ယခင်ကထက် ပိုအရေးပါလာပါတယ်။ အဓိကကျတဲ့ ကားလုပ်ငန်းတွေက လျှပ်စစ်ကားတွေ တိုးမြှင့် ထုတ်လုပ်နေကြလို့ နီကယ်ဈေးနှုန်းက ၁၀ နှစ်တာ ကာလအတွင်း အမြင့်ဆုံးဈေးသို့ ရောက်ရှိနေပါတယ်။
၂၀၂၀ မှာ အင်ဒိုနီးရှားက ကမ္ဘာ့နီကယ်ထုတ်လုပ်မှုရဲ့ သုံးပုံတစ်ပုံကို ထုတ်လုပ်ခဲ့ပါတယ်။ နီကယ်သတ္တုသိုက်က ကမ္ဘာ့အကြီးဆုံး ဖြစ်ပါတယ်။

 

ပြည်ပရင်းနှီးမြှုပ်နှံမှုများ

ဂျာမနီအခြေစိုက် BASF နှင့် ပြင်သစ်အခြေစိုက် နီကယ်သန့်စင်ရေးလုပ်ငန်း Eramet တို့က နီကယ်နှင့် ကိုဘော့ သန့်စင်စက်ရုံ တည်ဆောက်မည် ဖြစ်ပြီး ၂၀၂၅ ဝန်းကျင်မှာ စက်ရုံစတင်လည်ပတ်ဖို့ ရည်မှန်းထားပါတယ်။

ဂျပန်မှ Sumitomo Metal Mining က ဘီလျံဒေါ်လာ ရင်းနှီးမြှုပ်နှံပြိး သတ္တုသန့်စင်စက်ရုံ လုပ်ကိုင်ရန် စူးစမ်းလေ့လာနေပါတယ်။

အင်ဒိုနီးရှား နိုင်ငံပိုင် လုပ်ငန်း ၄ ခုနှင့် တောင်ကိုရီးယားမှ ကုမ္ပဏီစုကြီး LG Group တို့က Indonesia Battery Corp. ထူထောင်ပြီး အမေရိကန်ဒေါ်လာ ၁.၂ ဘီလျံ ရင်းနှီးမြှုပ်နှံကာ လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီစက်ရုံ ထူထောင်မည် ဖြစ်ကြောင်း ၂၀၂၁ မေလ မှာ ကြေညာပါတယ်။ လိုအပ်တဲ့ သတ္တုများကို အင်ဒိုနီးရှားမှ သတ္တုရိုင်းများကို သန့်စင်ပြီး အသုံးပြုမှာ ဖြစ်ပါတယ်။

 

ပြည်ပတင်ပို့မှု ပိတ်ပင်မည့် သတ္တူအမျိုးအစားများနှင့် အသုံးတည့်ပုံ

Investment/Divestment Read 659 times