၂၀၂၅ ခုနှစ်အရောက်တွင် ရုပ်ကြွင်းလောင်စာထောက်ပံ့မှုများကို အဆုံးသတ်တော့မည်ဟု ကမ္ဘာစက်မှုနိုင်ငံကြီးများက ကတိပြုထားသေ်ာလည်း ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးအသုံးပြုမှုအတွက် နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကို ဆက်လက်အသုံးပြုနေဆဲဖြစ်ကြောင်း ကနေဒါနိုင်ငံတွင်ကျင်ပမည့် စက်မှုထိပ်သီးခုနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားကြောင်း သိရပါသည်။
ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့ပါဝင်သော G7 ဖွဲ့သည် ၂၀၂၅ ခုနှစ်အရောက်တွင် ရုပ်ကြွင်းလောင်စာထောက်ပံ့မှုများကိုရပ်ဆိုင်းရန် ၂၀၁၆ ခုနှစ်တွင် ကတိပြုထားပါသည်။
သို့သော်လည်းအဆိုပါနိုင်ငံများသည် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် ပြည်တွင်းပြည်ပနိုင်ငံများတွင် လောင်စာဆီအသုံးပြုမှုကိုထောက်ပံ့ရန် အနည်းဆုံး အမေရိကန် ဒေါ်လာ ၁၀၀ ဘီလျံကျော် အသုံးပြုကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် ပြည်ပဖွံ့ဖြိုးအဖွဲ့အစည်းက ဦးဆောင်ပြုလုပ်သော လေ့လာမှုတစ်ခုတွင်သိရပါသည်။
သန့်ရှင်းသော စွမ်းအင်အသုံးပြုမှုကို ကူးပြောင်းနိုင်ရေးအတွက် ပြည်သူများက လိုက်ပါဆောင်ရွက်ခြင်းမရှိဟု အစိုးရအဖွဲ့အစည်းများက မကြာခဏ ပြောလေ့ရှိကြောင်း သုသေသနအစီအစဉ်ခေါင်းဆောင်တစ်ဦးက ပြောခဲ့ပါသည်။
G7 အဖွဲ့သည် ရုပ်ကြွင်းလောင်စာထောက်ပံ့မှုများကို ရပ်တန့်မည်ဟု ကတိပြုထားခဲ့သော်လည်း ယင်းကတိအတိုင်း စနစ်တကျဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ ၎င်းတို့တွင် လမ်းပြမြေပုံ သို့မဟုတ် အစီအစဉ်မရှိကြောင်း ODI ၏ ရာသီဥတုဌာနခွဲမှ အကြီးအကဲတစ်ဦးက ပြောခဲ့ပါသည်။
G7 အဖွဲ့၏ အဆိုပါကတိကဝတ်နှင့်ပတ်သက်၍ သုတေသီများက နိုင်ငံတစ်နိုင်ငံစီကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးပြီး အမှတ်ပေးစနစ်ဖြင့် အကဲဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့လေ့လာရာတွင် ပြင်သစ်နိုင်ငံသည် ကတိကဝတ်အား လိုက်နာနိုင်သည့် အမှတ် ၁၀၀ အနက် ၆၃ မှတ်၊ ဂျာမနီက ၆၂ မှတ်၊ ကနေဒါက ၅၄ မှတ်နှင့် ဗြိတိန်က ၄၇ မှတ်ရရှိကြောင်း သုတေသီများထုတ်ပြန်သောအစီအရင်ခံစာအရ သိရပါသည်။
အမေရိကန်သည် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် ၂၀၁၅ ခုနှစ်တွင် ချုပ်ဆိုခဲ့သေည ပဲရစ်သဘောတူစာချုပ်မှ နုတ်ထွက်ပြီး ရုပ်ကြွင်းလောင်စာများ ဆက်လက်ထုတ်လုပ်နေသဖြင့် အနည်းဆုံးရမှတ် ၄၂ မှတ်သာရှိကြောင်း သိရပါသည်။
Myawaddy