အမေရိကန်ကို၂၀၁၉ ခုနှစ်မှစတင်ကာ တစ်နှစ်လျှင် လက်ဖက်အစိုကွန်တိန်နာနှစ်လုံး တင်ပို့မည်


08 March, 2019

လက်ဖက်အစိုကိုတစ်နှစ်လျှင် ကွန်တိန်နာနှစ်လုံးတင်ပို့ရန် အမေရိကမှ Burma Superstar ကုမ္ပဏီနှင့် သဘောတူထားခြင်းဖြစ်ပြီး ဧပြီလတွင် အမေရိကန်ကုမ္ပဏီမှ တာဝန်ရှိသူများလာရောက်ကာ ပလောင်လက်ဖက်အသင်းနှင့် သဘောတူလက်မှတ် ရေးထိုးမည်ဖြစ်သည်။

“ဧပြီမှာ အမေရိကန်ကုမ္ပဏီနဲ့ သဘောတူလက်မှတ်ထိုးမယ်။ ဧပြီမှာ လက်မှတ်ထိုးရင်းနဲ့ လက်ဖက်အစို ထုတ်လုပ်မှုကို သေချာလာကြည့်ပြီး သူတို့ကြိုက်တယ်ဆိုရင် ရောင်းအားအပေါ်မူတည်ပြီး ကွန်တိန်နာနှစ်လုံးထက်လည်း ပိုယူရင်ယူမှာပေါ့”ဟု ပလောင်လက်ဖက်အသင်း ဥက္ကဋ္ဌ ဦးထွန်းမြိုင်က ပြောကြားသည်။

အမေရိကန်ကုမ္ပဏီမှ တာဝန်ရှိသူများသည် ဧပြီလအတွင်း မြန်မာနိုင်ငံမှ လက်ဖက်အစိုထုတ်လုပ်မှုကို လာရောက်ကြည့်ရှုပြီး တင်ပို့မည့်တန်ချိန်ပမာဏတို့ကို ဆက်လက်ညှိနှိုင်းရမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ထို့ပြင် မြန်မာလက်ဖက်ကို ဂျာမနီ၊ ပြင်သစ်နှင့် ချက်နိုင်ငံတို့ကိုလည်း စမ်းသပ်တင်ပို့လျက်ရှိပြီး အမေရိကသို့ ၂၀၁၄ ခုနှစ်မှစကာ ၂၀၁၅၊ ၂၀၁၈ ခုနှစ်တို့တွင် တစ်နှစ်လျှင် လက်ဖက်အစိုကွန်တိန်နာ တစ်လုံးစီ တင်ပို့ခဲ့ကာ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တို့တွင် မတင်ပို့နိုင်ခဲ့ကြောင်း ပလောင်လက်ဖက်အသင်းထံမှ သိရသည်။

တောင်ပေါ်ဒေသများတွင် စိုက်ပျိုးသည့် လက်ဖက်စိုက်တောင်သူများအနေဖြင့် လက်ဖက်စိုက်ပျိုးရာတွင် ခေတ်မီစက်ကိရိယာများလိုအပ်ခြင်း၊ လုပ်သားအခက်အခဲ၊ မြေယာ၊ ငွေကြေးအရင်းအနှီးနှင့် လျှပ်စစ်မီး အလုံအလောက်မရရှိခြင်း စသည့်အခက်အခဲများကြုံတွေ့နေရကြောင်း လက်ဖက်စိုက်တောင်သူများထံမှ သိရသည်။

လက်ဖက်ကို မိုးကုတ်၊ ကျောက်မဲ၊ နမ့်စန်၊ နမ့်ခမ်း၊ ရွာငံ၊ ပင်းတယ စသည့်ဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး လက်ဖက်စိုက်ဧက နှစ်သိန်းခန့်ရှိကာ ထွက်ရှိသည့် ၅ဝ ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်းစားသုံးမှုရှိကြောင်း ပလောင်လက်ဖက်အသင်းထံမှ သိရသည်။

the voice

Export, Import Local News Read 556 times