စက်မှုကြီးကြပ်နှင့် Vision Fund တို့ ပူးပေါင်း၍ မန္တလေးတိုင်းရှိ SME လုပ်ငန်းများကို ချေးငွေထုတ်ပေး


15 February, 2019

မန္တလေးတိုင်းရှိ အသေးစား၊အလတ်စား (SME) လုပ်ငန်းများကို Vision Fund Myanmar နှင့် ပူးပေါင်းကာ ချေးငွေထုတ်ပေးမည်ဟု မန္တလေးတိုင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန လက်အောက်ရှိ SME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဌာန ဒုညွှန်ကြားရေးမှူး ဒေါ်စောမမဝင်းကပြောပါတယ်။

‘‘လာမယ့် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာပဲ မန္တလေးတိုင်းအတွင်းက SME လုပ်ငန်းတွေနဲ့တွေ့ပြီး Vision Fund ကနေ ချေးငွေထုတ်ပေးတဲ့ အစီအစဉ်တွေကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။  ဘယ်လိုလုပ်ငန်းတွေအတွက် ချေးပေးသွားမယ်။ အတိုးနှုန်းက ဘယ်လောက်ဆိုတာကအစ ရှင်းပြပေးသွားမှာပါ’’ ဟု ဒေါ်စောမမဝင်းကပြောပါတယ်။

 ချေးငွေကို SME လုပ်ငန်းများအတွက် လုပ်ငန်းတိုးချဲ့ရန်ချေးငွေ၊ အရောင်းအဝယ်ချေးငွေ၊ တစ်နိုင်တစ်ပိုင်ချေးငွေ၊ လုပ်ငန်းအထောက်အကူပြုချေးငွေ၊  ထုတ်လုပ်မှုအရည်သွေးမြှင့်တင်ရန်ချေးငွေ၊ စက်ပစ္စည်းဝယ်ယူရန်ချေးငွေနှင့် အရောင်းအဝယ်ပြုလုပ်ရန်ချေးငွေဟူ၍ အမျိုးအစားများခွဲခြားကာ ထုတ်ချေးပေးမည် ဖြစ်ပါတယ်။

 ‘‘SME ဌာနအနေနဲ့ အရင်ကတော့  ဘဏ်တွေနဲ့ပူးပေါင်းပြီး  ချေးငွေရရှိအောင် ဆောင်ရွက်ပေးတာမျိုးတွေပဲ အဓိကလုပ်ပေးခဲ့တာပါ။ အသေးစားငွေချေးလုပ်ငန်းတွေနဲ့ ပူးပေါင်းပြီး ချေးငွေထုတ်ပေးတာမျိုးကိုတော့ အခုမှစပြီး လုပ်ပေးတာဖြစ်ပါတယ်’’ ဟု ဒေါ်စောမမဝင်းကပြောပါတယ်။

မန္တလေးတိုင်းရှိ ချေးငွေရယူလိုသည့် SME လုပ်ငန်းရှင်များသည် အသက် (၂၅) နှစ် မှ (၇၀) နှစ်အတွင်းရှိသူ၊ သက်ဆိုင်ရာမြို့နယ်တစ်ခုခု၌ အတည်တကျနေထိုင်သူဖြစ်ရန် လိုအပ်ပြီး လုပ်ငန်းတစ်ခုလျှင် ကျပ်သိန်း  ၃၀ မှ ကျပ်သိန်း ၁၀၀ အထိ ထုတ်ချေးပေးမည်ဖြစ်ပါတယ်။ Vision Fund Myanmar ၏ ချေးငွေအကြောင်းရှင်းလင်းခြင်း လေ့လာလိုသူများသည် ဖုန်း  02- 4039753 သို့ဆက်သွယ်  စာရင်းပေးသွင်းနိုင်ပါတယ်။

7day daily

Banking & Loan Read 489 times