ပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့နည်းစေရေးစက်ရုံအမျိုးအစားအလိုက်သတ်မှတ်


17 October, 2017

လက်ရှိလည်ပတ်နေသော စက်ရုံအမျိုးအစားအလိုက် အရက်ချက်လုပ်ငန်း၊ အစားအစာနှင့် အဖျော်ယမကာထုတ်လုပ်ခြင်းလုပ်ငန်း၊ စသည်ဖြင့် ဦးစားပေးလုပ်ငန်းကိုးခု သတ်မှတ်၍ ပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့နည်းစေရေး အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး မှ ပြောကြားကြောင်းသိရပါသည်။

စက်မှုစီမံကိန်းများ၊ မြို့ပြနှင့် ရပ်ရွာများ၏ပတ်ဝန်းကျင်နှင့် စွန့်ပစ်ပစ္စည်းစီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကောက်နုတ်ချက်အရ လက်ရှိလည်ပတ်နေသည့် စက်ရုံအမျိုးအစားအလိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ လမ်းညွှန်ချက်များနှင့်အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအမံများကို ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ဦးစားပေး ကဏ္ဍအလိုက်ရွေးချယ်သတ်မှတ်သွားရန်ဖြစ်ကြောင်း သိရပါသည်။

ဒုတိယအကြိမ်အစည်းအဝေး၏ ကောက်နုတ်ချက်အရ လက်ရှိလည်ပတ်နေသည့် စက်ရုံအမျိုးအစားအလိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ လမ်းညွှနု်ချက်များနှင့် အညီ ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့နည်းစေရေးအတွက် ဦးစားပေးသတ်မှတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဦးစားပေးလုပ်ငန်းကိုးခုမှာ အရက်ချက်လုပ်ငန်း၊ အစားစာနှင့် အဖျော်ယမကာထုတ်လုပ်ခြင်းလုပ်ငန်း၊ ပိုးသတ်ဆေးအမျိုးမျိုးထုတ်လုပ်ခြင်း၊ ဖော်စပ်ခြင်းနှင့် ထည့်သွင်းထုတ်ပိုးခြင်းလုပ်ငန်း၊ ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်း၊ အဝတ်အထည်ဆေးဆိုးပန်းရိုက်လုပ်ငန်း၊ သတ္တုအရည်ကျိုပုံလောင်းခြင်းလုပ်ငန်း၊ သားရေနယ်စက်ရုံလုပ်ငန်း၊ ပျော့ဖတ်နှင့် စက္ကူထုတ်လုပ်ခြင်းနှင့် သကြားစက်လုပ်ငန်းတို့ဖြစ်ကြောင်းသိရပါသည်။

Source: daily eleven journal

Local News Laws and Regulations Read 1145 times