ဧပြီလနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် စက်မှုကဏ္ဍက ဒေါ်လာ ၂၁ သန်းဖြင့် ဦးဆောင်နေ


auto
25 May, 2018

၂၀၁၈ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၇ သန်းကျော်သာဝင်ရောက်ခဲ့ပြီး စက်မှုကဏ္ဍတွင် ဒေါ်လာ ၂၁ သန်းကျော်ဖြင့် အများဆုံးရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာစာရင်းများအရ သိရပါသည်။

၂၀၁၇ ခုနှစ် ဧပြီလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၆၅၀ ကျော်ဝင်ရောက်ခဲ့သဖြင့် ၂၀၁၈ ခုနှစ် ဧပြီလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ ယခင်နှစ်ထက် ပမာဏများစွာလျော့ကျခဲ့ကြောင်း သိရပါသည်။

ဧပြီလတွင် စက်မှုကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၂၁ ဒသမ ၅၃၉ သန်း၊ ဟိုတယ်နှင့် ခရီးသွားလာမှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၀ ဒသမ ၃ သန်း၊ အိမ်ရာအဆောက်အအုံကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂ ဒသမ ၈၈၀ သန်း၊ စက်မှုဇုန်တည်ဆောက်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၅ ဒသမ ၃၃၀ သန်း၊ အခြားဝန်ဆောင်မှုကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၇ ဒသမ ၀၅၀ သန်း၊ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၇ ဒသမ ၀၉၉ သန်း ဝင်ရောက်ခဲ့ကြောင်း သိရပါသည်။

၂၀၁၇ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ သန်း ၆၅၀ ကျော်ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာရင်းများအရ သိရပါသည်။

၂၀၁၇ ခုနှစ် မတ်လအထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၇၀၃၅၀ ဒသမ ၈၉၅ သန်းရှိပြီး ဧပြီလကုန်တွင် မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ စုစုပေါင်း ဒေါ်လာ ၇၁၀၀၇ ဒသမ ၁၇၂ သန်းရှိခဲ့သဖြင့် ဧပြီလတစ်လတည်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၆၅၆ ဒသမ ၂၇၇ သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ ခုနှစ် ဧပြီလအထိ ခွင့်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၇၆ ဘီလျံကျော်တွင် တရုတ်နိုင်ငံက ပမာဏအများဆုံးရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူက ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း သိရပါသည်။

ကဏ္ဍအလိုက်ရင်းနှီးမြှုပ်နှံမှုတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အများဆုံးဖြစ်ပြီး စွမ်းအင်ကဏ္ဍတွင် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း သိရပါသည်။

Source: Eleven

Investment/Divestment Read 583 times