မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုက ဆက်တိုက်မြင့်တက်လာပြီး ယခုနှစ် မတ်လမှာတော့ ၇.၂၈ ရာခိုင်နှုန်းကို ရောက်ရှိလာပါတယ်။
ငွေကြေးဖောင်းပွမှုကို တိုးစေတဲ့အချက်တွေကတော့ အခြေခံစားသောက်ကုန် ဆန်၊ ဆီနဲ့ သား၊ ငါးဈေးမြင့်တက်မှုတွေပဲ ဖြစ်ပါတယ်။ စက်သုံးဆီဈေး မြင့်တက်မှုကလည်း ငွေကြေးဖောင်းပွမှုကို တိုးစေတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့က မတ်လအတွက် ထုတ်ပြန်တဲ့ မြန်မာနိုင်ငံရဲ့ စားသုံးသူဈေးဆနှုန်းကိန်းနှင့် ငွေကြေးဖောင်းပွမှုအခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ယခုဘဏ္ဍာနှစ်အစ အောက်တိုဘာလနဲ့ နှိုင်းယှဉ်ပါက ၂၀၁၉ မတ်လ ငွေကြေးဖောင်းပွမှုဟာ ခြောက်လအတွင်း ၁ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပါတယ်။ ၂၀၁၈ အောက်တိုဘာမှာ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုက ၆.၈၆ ရာခိုင်နှုန်းရှိပါတယ်။
‘‘ငွေကြေးဖောင်းပွမှုက ကုန်ဈေးနှုန်းပဲလေ။ သူတက်လာတာ ကုန်ဈေးနှုန်း တက်လာပေါ့’’ လို့ အငြိမ်းစားဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပါတယ်။
လက်ရှိ ငွေဖောင်းပွမှုနှုန်းက ၇ ရာခိုင်နှုန်း ကျော်လာပေမယ့်လည်း မြန်မာနိုင်ငံရဲ့ ဘဏ်အပ်ငွေအတိုးနှုန်းအောက်မှာသာ ရှိသေးတယ်လို့ ၎င်းက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဘဏ်များထံ ငွေအပ်မယ်ဆိုပါက အနည်းဆုံး တစ်နှစ်အတိုးနှုန်း ၈.၅ ရာခိုင် နှုန်းရရှိမှာ ဖြစ်ပါတယ်။
ခြောက်လအတွင်း အခြေခံ စားသောက်ကုန်ဖြစ်တဲ့ ဆန်ဈေးအနည်းငယ် မြင့်တက်ပေမယ့်လည်း အမဲသားဈေးနှုန်း ၁၀ ရာခိုင်နှုန်း၊ ဘဲဥဈေး ၈ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။ အခြေခံကုန်ဈေးနှုန်းမြင့်တက်မှုမှာ အချိုခြောက်၊ နို့ဆီဈေးမြင့်တက်မှုကြောင့် လက်ဖက်ရည်တစ်ခွက်ဈေးနှုန်းလည်း ကျပ် ၃၅၀၊ ၄၀၀ မှ ၅၀၀ ကို မြင့်တက်လာပါတယ်။
ငွေကြေး ဖောင်းပွမှုမြင့် တက်လာခြင်းက အစိုးရဘတ်ဂျက်မှာ ရငွေထက် သုံးငွေက များနေခြင်း၊ ကုန်သွယ်ရေးကဏ္ဍမှာ ပို့ကုန်ထက် သွင်းကုန်ပမာဏ များနေခြင်း၊ ပြည်တွင်းထုတ်လုပ်မှုလျော့ကျခြင်း၊ နိုင်ငံ့စီးပွားရေး (ဂျီဒီပီ) ဖွံ့ဖြိုးမှုနည်းခြင်းတို့ကြောင့် ဖြစ်ရတယ်လို့ စီးပွားရေးပညာရှင် ဦးလှမောင်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ဘတ်ဂျက်လိုငွေပမာဏက ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလီယံ ( ၅,၀၀၀ ) ကျော်ရှိပြီး အစိုးရ သက်တမ်းသုံးနှစ်အတွင်း အများဆုံးဖြစ်နေပါတယ်။ ဘတ်ဂျက်လိုငွေနဲ့ ဂျီဒီပီအချိုး ၅.၀၃ ရာခိုင်နှုန်းရှိပါတယ်။
ဒါပေမယ့် ယခု ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှုလိုငွေပမာဏက ဒေါ်လာသန်း ( ၈၀၀ ) ကျော်ရှိပြီး ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကာလတူထက် ၁.၃၅ ဘီလီယံကျော် လျော့နည်းပါတယ်။
မြန်မာနိုင်ငံရဲ့ ဂျီဒီပီဖွံ့ဖြိုးမှုနှုန်းကို ယခုဘဏ္ဍာနှစ်မှာ ၇.၆ ရာခိုင်နှုန်းရှိမယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။ ကမ္ဘာ့ဘဏ်က ၂၀၁၉ မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်နှုန်း (GDP) ကို ၆.၅ ရာခိုင်နှုန်းရှိမယ်လို့ မှန်းဆထားပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုရဲ့ စီးပွားရေးတိုးတက်မှုနှုန်းက ၁၀ ရာခိုင်နှုန်းအထက်မှာ ရှိသင့်တယ်လို့ ဦးလှမောင်က ပြောပါတယ်။ တရုတ်နိုင်ငံမှာ တံခါးဖွင့်စီးပွားရေးစတင်ချိန်က စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက ၁၀ ရာခိုင်နှုန်းအထက် မှာ ရှိပါတယ်။
စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက ဝယ်လိုအားများလာခြင်း၊ ကုန်ကျစရိတ်တက်လာခြင်းနဲ့ စီးပွားရေးအဆောက်အအုံ ပြောင်းလဲခြင်း စတဲ့ အချက်သုံးချက်မှာ တစ်ချက်ကြုံတွေ့ပါက ငွေကြေးဖောင်းပွနိုင်ကြောင်း ပြောပါတယ်။
7Day Daily