၂၀၁၉ နှစ်စတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ၇ ရာခိုင်နှုန်းခန့်ဖြင့် စတင်


21 February, 2019

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ဆက်တိုက်မြင့်လာပြီး ယခုနှစ် ဇန်နဝါရီတွင် ၇ ရာခိုင်နှုန်းခန့် ရှိလာပါတယ်။  ၂၀၁၈ ဇန်နဝါရီ က ၄ ဒသမ ၄ ရာခိုင်နှုန်းရှိသော်လည်း နှစ်လယ်ပိုင်းတွင် ကြုံတွေ့ခဲ့ရသည့် ကန်ဒေါ်လာတန်ဖိုး ဆက်တိုက်မြင့်တက်မှုက ငွေကြေးဖောင်းပွမှုကို မြင့်စေကာ ၂၀၁၈ တစ်နှစ်အတွင်း ငွေကြေးဖောင်းပွမှု ၂ ဒသမ ၅ ရာခိုင်နှုန်းကျော်  မြင့်တက်ခဲ့ပါတယ်။

၂၀၁၉ တွင် ကြုံတွေ့ရမည့် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု အခြေအနေကို  ၈ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးလေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။ သားငါးနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းအချို့ မြင့်တက်ခြင်း ကြုံတွေ့ခဲ့ရပြီး ငွေကြေးဖောင်းပွမှု ဆက်လက်မြင့်တက်နေခြင်းဖြစ်ပါတယ်။

ငွေကြေးဖောင်းပွမှုမြင့်တက်ခြင်းက အကြောင်းရင်းသုံးခုကြောင့်  ဖြစ်သည်ဟု စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက ပြောပါတယ်။ ဝယ်လိုအားများလာခြင်း၊ ကုန်ကျစရိတ်မြင့်တက်ခြင်းနှင့် စီးပွားရေးအဆောက်အအုံ ပြောင်းလဲခြင်း အချက်သုံးချက်တွင် တစ်ချက်ကြုံတွေ့ပါက ငွေကြေးဖောင်းပွနိုင်ကြောင်း ပြောပါတယ်။

ထုတ်လုပ်ရေးကဏ္ဍတွင် ကုန်ကျစရိတ်မြင့်တက်ခြင်း၊ လုပ်အားခတိုးမြင့်ခြင်း၊ စက်သုံးဆီဈေး မြင့်တက်ခြင်းတို့ ကြုံတွေ့လျှင် ငွေကြေးဖောင်းပွမှုဖြစ်စေကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က မှတ်ချက်ပြုပါတယ်။  ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းကြောင့် ပြီးခဲ့သည့်နှစ် ဇန်နဝါရီတွင် ရှိခဲ့သော အထွေထွေစားသောက်ကုန်ဈေးနှုန်းကို ၂၀၁၉ ကာလတူနှင့် နှိုင်းယှဉ် ကြည့်ပါက မြင့်တက်လာသည်ကို တွေ့ရပါတယ်။

ဆန်တစ်ပြည် ဈေးနှုန်း ၈ ရာခိုင်နှုန်း၊ မြေပဲဆီတစ်ပိဿာ ဈေးနှုန်း ၁၅ ရာခိုင်နှုန်း၊ ကြက်သား၊ ဝက်သား တစ်ပိဿာဈေးနှုန်းက ၆ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပါတယ်။ လူတစ်ဦးချင်း၏ ဝင်ငွေ မြင့်တက်မှုမရှိသော်လည်း အခြေခံကုန်ဈေးနှုန်း  မြင့်တက်မှုက အထွေထွေဝယ်လိုအားကို  လျော့ကျစေကြောင်း စီးပွားရေးပညာရှင်အချို့က ပြောပါတယ်။

ကုန်ပစ္စည်းဈေးနှုန်း မြင့်တက်ပြီး လူတစ်ဦးချင်း၏ ဝယ်ယူနိုင်မှုလျော့နည်းခြင်းက နေ့စဉ်ဝင်ငွေကို ထိခိုက်ကြောင်း၊ နို့ဆီ၊ မီးသွေးဈေးနှုန်းများမြင့်တက်သော်လည်း လက်ဖက်ရည်တစ်ခွက်ဈေးကို ရုတ်တရက်မြှင့်တင်ရန် မလွယ်ကူကြောင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင် တစ်ဦးကပြောပါတယ်။

7day daily

Local News Read 1927 times