ငွေကြေးဖောင်းပွမှု တစ်ကျော့ပြန် မြင့်တက်လာ


21 March, 2019

ယခုနှစ် ဖေဖော်ဝါရီမှာ  ငွေကြေးဖောင်းပွမှုဟာ ၇ ဒသမ ၀၇ ရာခိုင်နှုန်းသို့ တစ်ကျော့ပြန် မြင့်တက်လာပါတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ငွေကြေးဖောင်းပွမှုကြောင့် ပြည်တွင်းစားသုံးဆန်အပါအဝင် အသား၊ ငါးနဲ့ ကြက်ဥ စတဲ့ အခြေခံစားကုန်များ၊ စက်သုံးဆီဈေးနှုန်းနဲ့ ကုန်ပစ္စည်းအချို့ ဈေးတက်လာတယ်လို့ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ ဖေဖော်ဝါရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီချုပ်အစိုးရစတင်ပြီး နိုင်ငံ့တာဝန်ထမ်းဆောင်တဲ့ ၂၀၁၆ ဧပြီမှာ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ ၁၁ ရာခိုင်နှုန်းကျော်ရှိပြီး မြန်မာနိုင်ငံဗဟိုဘဏ် အပါအဝင် အစိုးရဝန်ကြီးဌာနတွေကနေ ငွေကြေးဖောင်းပွမှုလျှော့ချရေး ဆောင်ရွက်ခဲ့ပါတယ်။

ဒါ့ကြောင့် အစိုးရသက်တမ်းတစ်နှစ်ပြည့်ချိန် ၂၀၁၇ မတ်လမှာ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု ၇ ရာခိုင်နှုန်း လျော့နည်းခဲ့ပါတယ်။ အစိုးရသက်တမ်း ၂ နှစ်ပြည့်တဲ့ ၂၀၁၈ မတ်လကုန်မှာတော့ ငွေကြေးဖောင်းပွမှု ၄ ဒသမ ၀၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၈ နှစ်လယ်မှာ ကြုံတွေ့ရတဲ့ ငွေလဲနှုန်း စံချိန်တင်မြင့်တက်မှု၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှု လျော့နည်းလာတာတွေက ငွေကြေးဖောင်းပွမှုကို ပြန်လည်မြင့်တက်စေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ခလစာ တိုးမြှင့်မှုမရှိဘဲ ငွေကြေးဖောင်းပွမှုမြင့်တက်လာရင်  ပြည်သူတွေအနေနဲ့ အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်မှုကို ခံစားရမယ်လို့ စီးပွားရေးပညာရှင်အချို့က ပြောပါတယ်။

စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက ေငွေကြေးဖောင်းပွမှု မြင့်တက်တာဟာ ဝယ်လိုအားများလာခြင်း၊ ကုန်ကျစရိတ်မြင့်တက်ခြင်းနဲ့ စီးပွားရေးအဆောက်အအုံ ပြောင်းလဲခြင်းဆိုတဲ့ အကြောင်းရင်းသုံးခုကြောင့်လို့  ပြောပါတယ်။ ဒါ့ပြင် ဒီအချက် သုံးချက်မှာ တစ်ချက်ကြုံတွေ့ပါကလည်း ငွေကြေးဖောင်းပွနိုင်တယ်လို့ ပြောပါတယ်။

၂၀၁၉ မှာ ကြုံတွေ့ရမယ့် မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုအခြေအနေကို ၈ ဒသမ ၈ ရာခိုင်နှုန်းရှိမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးလေ့လာမှုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

7day daily

Local News Read 446 times