အင်းလေးရေပေါ်ဈေး ပြန်လည်ဖော်ဆောင်ရန် ကြိုးပမ်းမည်


17 July, 2018

အင်းလေးရေပေါ်ဈေးကို ပြန်လည်ဖော်ဆောင်ရန် ပြည်နယ်အစိုးရထံ တင်ပြထားကြောင်းSave The Inle Lake အဖွဲ့၏ အတွင်းရေးမှူး ဦးခင်မောင်လတ်က ပြောသည်။

အင်းလေးကန်အတွင်း ဟဲယာရွာမကျေးရွာတွင် လွန်ခဲ့သည့်၁၀ နှစ်က ရေပေါ်ဈေးရှိခဲ့ကြောင်း၊ သဘာဝရေပေါ်ဈေးကို ပြန်လည်ဖော်ဆောင်နိုင်ပါက ပြည်ပခရီး သွားများ၏ စိတ်ဝင်စားမှု ပိုမိုရရှိလာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရေပေါ်ဈေးပြန်လည်ဖော်ဆောင်ရန် အင်းတိုင်းရင်းသားရေးရာဝန်ကြီးအပါအဝင် ဒေသခံများ၊ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်း များနှင့် တွေ့ဆုံဆွေးနွေးပြီးမှသာ ဆုံးဖြတ်နိုင်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ရှမ်းပြည်နယ် (တောင်ပိုင်း) ညွှန်ကြား ရေးမှူး ဦးထင်အောင်နိုင်က ပြောကြားသည်။

‘‘ဇုန်ဝင်ကြေးကို ကောက်ခံနေတဲ့အဖွဲ့ ဦးဆောင်လုပ်ကိုင်ရင်တော့ အောင်မြင်နိုင်တယ်။ ရေပေါ်ဈေးလုပ်တယ်ဆိုတာ ပိုက်ဆံလိုတယ်။ နေရာသတ်မှတ်ပေးရုံနဲ့ ရောင်းတဲ့လူတွေကို ခွင့်ပြုလို့ မရဘူး။ အခုတော့ သေချာဆွေးနွေးထားတာမရှိဘူး’’ဟု ၎င်းက ပြောသည်။

ဟဲယာရွာမကျေးရွာတွင် လွန်ခဲ့သည့် နှစ် ၅၀ ကစတင်၍ ရေပေါ်ဈေးရှိခဲ့ကြောင်း၊ အဆိုပါ ရေပေါ်ဈေးသည် ယခုအခါ ကုန်းမြေအဖြစ် အသွင်အပြင်ပြောင်းလဲခဲ့သဖြင့် ရေပေါ်ဈေးဟု ခေါ်ဆိုနိုင်ခြင်းမရှိတော့ကြောင်း ဦးခင် မောင်လတ်က ပြောသည်။

‘‘အင်းအရှေ့ဘက်လမ်းတို့၊ အင်းအနောက်ဘက်လမ်းတို့ မရှိ ခင်က အင်းတောင်ဘက်ကလူတွေက သွားရေးလာရေးခက်ခဲတော့ သူတို့ထွက်ကုန်တွေကို ဟဲယာရွာမဆိုတဲ့ နေရာမှာလာပို့ကြတယ်။ တစ်ခေတ်တစ်ခါက တော်တော်လေးစည်ကားခဲ့တယ်။ ကားလမ်းတွေ ကောင်းလာတော့ အဲဒီ ဈေးကွက်ကပျောက်သွားရော’’ ဟု ဦးထင်အောင်နိုင်က ပြောသည်။

လက်ရှိတွင် ဟဲယာရွာမ ကျေးရွာ၌ ငါးရက်တစ်ဈေး ရှိနေသေးသော်လည်း ဈေးအသွင်သဏ္ဌာန်သည် မြေပြင်ပေါ်တွင် ၈၀ ရာခိုင်နှုန်းကျော်ရှိနေကြောင်း ဦးခင်မောင်လတ်က ပြောသည်။

အင်းလေးကန်ပတ်လည်တွင် ကျေးရွာ ၄၄၆ ရွာရှိကြောင်း၊ ရေတစ်ဝက် ကုန်းတစ်ဝက်ကျေးရွာ ၁၂၀ ခန့်ရှိပြီး အင်းအလယ်ရေလယ်ကောင်ကျေးရွာ ၂၀ ခန့်သာရှိကြောင်း ၎င်းက ပြောသည်။

7 Day Daily

Local News Read 741 times