နိုင်ငံခြားအာမခံကုမ္ပဏီနှင့် ပြည်တွင်းအာမခံ ကုမ္ပဏီများအချင်းချင်း ဖက်စပ်လုပ်ကိုင်မည့် လျှောက်လွှာကို ဧပြီလဆန်းတွင် တင်ရမည်ဖြစ်ကြောင်း ပုဂ္ဂလိကအာမခံကုမ္ပဏီများထံမှ သိရသည်။
နိုင်ငံခြားအာမခံကုမ္ပဏီများအနေနှင့် ဖက်စပ်လုပ်ကိုင်လိုသည့် ကုမ္ပဏီကို လျှောက်လွှာတွင်ဖြည့်ရမည်ဖြစ်ကာ လျှောက်လွှာတင်ကြေးအတွက် ဒေါ်လာနှစ်သောင်းပေးသွင်းရမည်ဖြစ်ပြီး စပေါ်ငွေအဖြစ် ဒေါ်လာလေးသိန်း တင်ရမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီများထံမှ သိရသည်။
လက်ရှိတွင် မိခင်နိုင်ငံမဟုတ်ဘဲ ကြားနေနိုင်ငံမှတစ်ဆင့်ခံ၍ ဝင်လာသည့် နိုင်ငံခြားအာမခံကုမ္ပဏီများကို တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဖြစ်စေရန် လိုင်စင်ပြန်လည်လျှောက်ထားစေကြောင်း၊ အကယ်၍ လိုင်စင်ပြန်လည်မလျှောက်ထားသည့် ကုမ္ပဏီသည် ဖက်စပ်ရင်းနှီးမြှုပ်နှံခွင့်ရမည်မဟုတ်ကြောင်း အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။"စပေါ်တင်ခိုင်းတာက နိုင်ငံခြားကုမ္ပဏီဘက်က တခုခုစိတ်အပြောင်းအလဲဖြစ်ပြီး ဖက်စပ်မလုပ်ဘူးလို့ငြင်းရင် လျော်ကြေးအနေနဲ့ ဒေါ်လာလေးသိန်းပေးလျော်မှာပါ" ဟု ၎င်းဆိုသည်။
နိုင်ငံသားအာမခံကုမ္ပဏီများဘက်ကလည်း ကမ်းလှမ်းလာသည့် ကုမ္ပဏီကိုကြည့်၍ လက်ခံရမည်ဖြစ်သောကြောင့်နည်းပညာနှင့် အတွေ့အကြုံများသည့် ကုမ္ပဏီများကို အဓိကရွေးချယ်ကြမည်ဖြစ်ကြောင်း Excellent Fortune အာမခံကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးမင်းသိန်းက ပြောကြားသည်နိုင်ငံခြားအာမခံကိုယ်စားလှယ်ရုံး ၃၂ ရုံးတွင် အဓိက အာမခံလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီပေါင်းမှာ ၁၈ ခုရှိကြောင်း၊ အခြားသောကုမ္ပဏီများမှာ အကြံပေးကုမ္ပဏီနှင့် ပွဲစားကဲ့သို့လုပ်ငန်းချိတ်ပေးသည့် ကုမ္ပဏီများဖြစ်ကြောင်းအာမခံကုမ္ပဏီများထံမှ သိရသည်။
လက်ရှိတွင် မြန်မာအာမခံလုပ်ငန်း အပါအဝင် ပုဂ္ဂလိကအာမခံကုမ္ပဏီ ၁၁ ခုက အာမခံဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ယင်းလုပ်ငန်းအားလုံးမှ နှစ်စဉ်ရရှိသည့် ပရီမီယံကြေးမှာ ကျပ် ၁၁၄ ဒသမ ၃ ဘီလီယံရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။
The Voice