နိုင်ငံတကာတွင်စက်သုံးဆီဈေးတက်ခြင်းကြောင့် ပြည်တွင်းဈေးကွက်လည်းထိခိုက်နိုင်


23 May, 2018

လက်ရှိတွင် ပြည်တွင်း၌ရောင်းချလျက်ရှိသည့် စက်သုံးဆီဈေးနှုန်းသည် နိုင်ငံတကာပေါက်ဈေးနှင့်နှိုင်းယှဉ်ပါက ဈေးနှိမ်နေခြင်းကြောင့် လက်ရှိရောင်းချနေသည့် ဈေးနှုန်းထက် ထပ်မံမြင့်တက်လာနိုင်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

ပြည်တွင်း၌ စက်သုံးဆီဈေးနှုန်းများကို လုပ်ငန်းရှင်များက သတ်မှတ်ရောင်းချရာတွင် ပြည်တွင်းရှိ ဆီလက်ကျန်ပမာဏ၊ ပြည်ပမှတင်သွင်းရောင်းချရသည့်အတွက် ဆိပ်ကမ်းအရောက် CIF တန်ဖိုး၊ နိုင်ငံတော်သို့ပေးသွင်းရသည့်အခွန်အခများ၊ သယ်ယူပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုကုန်ကျစရိတ်များ ထည့်ပေါင်းကာ ဈေးနှုန်းသတ်မှတ်ရောင်းချရခြင်းဖြစ်ကြောင်း သိရပါသည်။

ထို့ကြောင့် ပြည်တွင်း၌ဖြစ်ပေါ်နေသည့် စက်သုံးဆီဈေးနှုန်းသည် ပြည်ပပေါက်ဈေးပေါ်တွင် မူတည်နေခြင်းဖြစ်သောကြောင့် ပြည်ပဈေးနှုန်းမြင့်တက်သည့်အခါ ပြည်တွင်းဈေးကွက်၌လည်း ဈေးနှုန်းအလိုက်ပါမြင့်တက်ခြင်းဖြစ်ကြောင်း သိရပါသည်။

လက်ရှိပေါက်ဈေးဖြင့်တွက်ပါက ရှုံးမည်ဖြစ်သော်လည်း လက်ရှိရောင်းချနေသည့်ဆီများမှာ ဈေးမတက်မီအချိန်က ဝယ်ယူထားသောဆီများဖြစ်သောကြောင့် ရောင်းဈေးမှာ လတ်တလောပေါက်ဈေးထက် နိမ့်နေခြင်းဖြစ်ကြောင်း၊ လက်ကျန်ဆီကုန်ပါက တက်ဈေးဖြင့် ပြန်ဝယ်ရမည်ဖြစ်၍ အရှုံးပေါ်မည်ဖြစ်ကြောင်း သိရပါသည်။

ပြည်တွင်းစက်သုံးဆီဈေးကွက်အတွင်း ပြည်တွင်းထွက်ရှိမှုမှာ အကြမ်းဖျင်းအားဖြင့် ၅ ရာခိုင်နှုန်းခန့်သာရှိပြီး ကျန်လိုအပ်သည့် ၉၅ ရာခိုင်နှုန်းခန့်ကို ပြည်ပမှတင်သွင်းခြင်းဖြစ်ကာ တစ်လလျှင်ဓာတ်ဆီတန်ချိန်ပေါင်း နှစ်သိန်းနှင့် ဒီဇယ်ဆီတန်ချိန် လေးသိန်း စုစုပေါင်းတန်ချိန် ခြောက်သိန်းခန့်ကို ပုံမှန်တင်သွင်းရောင်းချနေခြင်းဖြစ်ကြောင်း သိရပါသည်။

Source: Myawaddy

Local News Read 512 times