​​​​​​​ပြည်ပစျေးကွက်အပေါ် မှီခိုနေရသည့် မြန်မာ့လယ်ယာ ထွက်ကုန် စျေးကွက်ဂယက်


05 February, 2021

မြန်မာနို်င်ငံသည် ကုန်သွယ်မှု မြှင့်တင်ရေးနှင့် ပို့ကုန်တိုးမြှင့်ရေးကို အရှိန်အဟုန်နှင့် ဆောင်ရွက်နေပါသည်။

ပို့ကုန်မှာလည်း ကျောက်သံ၊ ပတ္တမြား၊ သတ္တု၊ မွေးမြူရေး၊ သားငါး၊ ပုစွန်၊ လယ်ယာ ထွက်ကုန်နှင့် အခြားပစ္စည်းများ ပါပါသည်။

ဒီလထဲတွင် လယ်ယာထွက်ကုန် ပစ္စည်းသည် ပမာဏရော၊ တန်ဖိုးပါ ၆၀ ရာခိုင်နှုန်းကျော် နေရာယူထားပါသည်။

လယ်ယာထွက်ကုန်၊ ပို့ကုန်သည် မြန်မာနိုင်ငံအတွက် နိုင်ငံခြား ၀င်ငွေ အမြင့်ဆုံးရှာပေးနေသည့် ကဏ္ဍ ဖြစ်ပါသည်။

လယ်ယာထွက်ကုန်ထဲက ပြည်ပပို့ကုန်အဖြစ် နေရာယူထားသည့်အမယ်များမှာ ဆန်နှင့် ဆန်ထွက်ပစ္စည်း၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ရော်ဘာ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ဟင်းခတ်အမွှေးအကြိုင်နှင့် နှံစားသီးနှံများ ပါ၀င်ပါသည်။

ပြည်ပကို တင်ပို့သည့် လယ်ယာထွက်ကုန်ပစ္စည်း အားလုံးသည် ယင်းနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသည့် လိုအပ်ချက်ပမာဏ၊ စျေးနှုန်းနှင့် စျေးကွက်ပေါ်တွင် မှီခိုပြီး ပြည်တွင်းစျေးကွက်ကို ကကြိုးဆင်နေရခြင်း ဖြစ်ပါသည်။

ပြည်ပစျေးကွက်က အဝယ်များလာပါက မြန်မာပြည်တွင်း စျေးကွက်သည် နှစ်ပါးသွား အကလေးနှင့် ငြိမ့်ညောင်းနေခြင်း ဖြစ်ပါသည်။

ပြည်ပစျေးကွက်ကမောက်ကမ ဖြစ်ပြီဆိုပါက မြန်မာပြည်တွင်း စျေးကွက်တွင် ဘီးလူးဆိုင်းတီးရ တော့မည်ဖြစ်ပါသည်။

၂၀၁၄-၁၅ ခုနှစ်က ဆန်တင်ပို့မှု၏ ရ၅ ရာခိုင်နှုန်းခန့် မက်ထရစ် တန်ချိန် ၁ ဒသမ ရ သန်းကျော်ခန့် တင်ပို့ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ဆန်မက်ထရစ် တန်ချိန် ၁ ဒသမ ၅ သန်းကျော် တင်ပို့နိုင်ခဲ့သည်။

၂၀၁၆ ခုနှစ် နှောင်းပိုင်းလောက်က တရုတ်နိုင်ငံက Border Line တစ်ခုလုံးကို ပိတ်လိုက်ပြီး မြန်မာနိုင်ငံက ဆန်နှင့် သစ်သီးဝလံ၊ ပရဆေးများဝယ်ယူမှု ရပ်ဆိုင်းလိုက်သည်။

ထိုအချိန် မြန်မာနိုင်ငံတွင်းတွင် ဆန်စက်ပိုင်၊ ဆန်စပါး ကုန်သည်နှင့် တောင်သူလယ်သမားများ၏ လက်ထဲတွင် ဆန်များ၊ စပါးများ အများကြီးကျန်ပါသေးသည်။

မြန်မာ့ ဆန်စပါး စျေးကွက်၊ အခြား သစ်သီးဝလံ စျေးကွက်များ ဗြောင်းဆန်သွားသည်။

၀ယ်သူမရှိ၊ စျေးများထိုးကျသွားသည်။

အရင်ကရောင်းခဲ့ဖူးသည့် ဆန်ဝယ်လက်နိုင်ငံများကလည်း မရောင်းတာကြာသောကြောင့် မိတ်ပျက်ကုန်ပြီး ရောင်းလို့မရတော့ပါဘူး။

မြန်မာ့ဆန်စျေးကွက်သည် ချောင်ပိတ်မိသလိုဖြစ်သွားခဲ့ရသည်။

လွန်ခဲ့သည့် နှစ်ပတ်ကျော်ခန့်က အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပုံမှန် ရိဒ်ကုန်သွယ် စခန်းမှ နယ်စပ်ကုန်သွယ်ရေး စနစ်နှင့် ၀ယ်နေသည့် မြန်မာ့ ကွမ်းသီး၊ ဂျင်း၊ နနွင်းများကို ၀ယ်ယူမှု ပိတ်လိုက်သည်။

ကွမ်းသီး၊ ဂျင်း၊ နနွင်းများ ရိဒ်ကုန်သွယ်စခန်းတွင် တန်ချိန်သောင်းနှင့်ချီပြီး အပုံလိုက်မီနေသည် ဆိုသည့် သတင်းတစ်ပုဒ် ဖတ်လိုက်ရပါသည်။

ထို့ကြောင့်သူတို့နိုင်ငံ၏ အနှုတ်အသိမ်းပေါ်တွင် မြန်မာ့လယ်ယာထွက်ကုန် စျေးကွက်က မျက်စိသူငယ်နှင့် ကြည့်နေရသည့်သဘောဖြစ်ပါသည်။

ခုရက်တွင်းတွင် မြန်မာနိုင်ငံ ကျင်းထဲ၊ ကြပ်ထဲ ဒုက္ခတွေ့နေရသည့် ကိစ္စကတော့အိန္ဒိယနိုင်ငံက ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း သီးနှံများကို တင်သွင်းခွင့်ကန့်သတ် ကုန်ပစ္စည်းအဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်ပါသည်။

ထိုကိစ္စသည် မြန်မာနိုင်ငံတွင် ကြီးစွာသော ဂယက်ရိုက်ခတ်မှု ခံစားနေရပါသည်။

မြန်မာနိုင်ငံဟာ ၂၀၁၅-၁၆ ခုနှစ်က မတ်ပဲ ၁ ဒသမ ၁၃ သန်း ဟက်တာ စိုက်ပျိုးပြီးမက်ထရစ်တန်ချိန် ၁ ဒသမ ၆၇ သန်း ထွက်ရှိခဲ့ပါသည်။

၂၀၁၅-၂၀ ခုနှစ်က ပဲတီစိမ်း၁ ဒသမ ၂၁ သန်း ဟက်တာ စိုက်ပျိုးခဲ့ပြီး မက်ထရစ်တန်ချိန် ၁ ဒသမ ၆ သန်း ထွက်ရှိခဲ့ပါသည်။

၂၀၁၅-၁၆ ခုနှစ်က ပဲစင်းငုံ ၆ဒသမ ၅သိန်းဟက်တာ စိုက်ပျိုးခဲ့ပြီး မက်ထရစ်တန်ချိန် ၈ ဒသမ ၈ သိန်း ထွက်ရှိခဲ့ပါသည်။

ထွက်ရှိသည့် ပဲမျိုးစုံထဲမှ နှစ်စဉ် အိန္ဒိယကို မက်ထရစ်တန်ချိန် ၁၀ သိန်းကျော် တင်ပို့ခဲ့ပါသည်။

ထိုအထဲတွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံ မက်ထရစ်တန်ချိန် ကိုးသိန်းတင်ပို့ခဲ့ပြီး မြန်မာငွေကျပ် ၁ ဒသမ ၄ ဘီလျံ ကျော်ခန့် နိုင်ငံခြားငွေရရှိနေခဲ့ခြင်း ဖြစ်ပါသည်။

ကမ္ဘာ့ပဲတင်ပို့မှုမှာ ကနေဒါနိုင်ငံက ပထမ၊ ဩစတြေးလျ နိုင်ငံက ဒုတိယ၊ မြန်မာနိုင်ငံက တတိယနေရာမှာ ရှိနေပါသည်။

အာဆီယံနိုင်ငံ အတွင်းမှာတော့ ပဲမျိုးစုံ ပြည်ပတင်ပို့မှုမှာ မြန်မာနိုင်ငံက ဦးဆောင်နိုင်ငံ နေရာရနေပါသည်။

မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံကို ပဲမျိုးစုံတင်ပို့မှုမှာ နှစ်၃၀ ကျော်တိုင် ရှိခဲ့ပြီ ဖြစ်ပါသည်။

ဤမျှ နှစ်ကြာရှည်ခဲ့ပြီး တင်ပို့မှုပမာဏလည်း များခဲ့သော မြန်မာနိုင်ငံ အနေဖြင့် အိန္ဒိယနိုင်ငံမှ ရုတ်တရက် ပဲ

သုံးမျိုး ဝယ်ယူမှု ကန့်သတ်ခံရသည့်အတွက် အရုပ်ကြိုးပြတ် ပမာပုံလျက်ကျကာ လှုပ်ခတ်သွားခဲ့ ရပါသည်။

ဤဖြစ်စဉ်ပေါ်မူတည်ပြီးမြန်မာနိုင်ငံ အနေဖြင့် စဉ်းစားစီစဉ်ဆောင်ရွက်ရမည့် လုပ်ငန်းများ အလွန်များပြားလျက် ရှိပါသည်။

နိုင်ငံစီးပွားရေး၊ ကုန်သည် လုပ်ငန်းရှင်များ စီးပွားရေး၊ ပဲစိုက်တောင်သူများ၏

စီးပွားရေး ဖြစ်နေပါသည်။

အဆင်မပြေလျှင် မြန်မာ့နိုင်ငံရေးပါ လှုပ်ခတ်သွားနိုင်ပါသည်။

ပဲကုန်သည်လုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားကြီးများ၏ လက်ဝယ်တွင်အဆိုပါပဲသုံးမျိုး၊ ပဲဟောင်းတန်ချိန် ငါးသိန်းခန့်မျှ လက်ကျန်ရှိနေပါသည်။

ယခု မိုးပဲရာသီတွင် စိုက်ပျိုးထားသော ပဲများလည်း မကြာမီ ထွက်ရှိလာတော့မှာ ဖြစ်ပါသည်။

မြန်မာ့ ပဲမျိုးစုံ စိုက်ပျိုးသည့် တောင်သူလယ်သမားများမှာ စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ် တချို့နေရာများတွင် စပါးသီးနှံအပြီး ပဲမျိုးစုံ သီးထပ် စိုက်ပျိုးမှုနည်းပြီး မိုးယာသီးနှံ ပဲမျိုးစုံ၊ ဆောင်းယာသီးနှံ ပဲမျိုးစုံ စိုက်ပျိုးမှု များကြပါသည်။

ပဲမျိုးစုံသီးနှံကိုသာ အဓိက လယ်ယာသီးနှံ စီးပွားရေးအဖြစ် တောင်သူလယ်သမားများ ခံယူဆောင်ရွက်လျက် ရှိကြပါသည်။

မြန်မာနိုင်ငံအောက်ပိုင်းဒေသ တောင်သူလယ်သမားများသည် ပဲမျိုးစုံကို မိုးယာသီးနှံ၊ ဆောင်းယာ သီးနှံအဖြစ် စိုက်ပျိုးမှုနည်းပြီး မိုးစပါးအပြီး ပဲမျိုးစုံသီးနှံ၊ သီးထပ်အဖြစ် စိုက်ပျိုးကြတာ များပါသည်။

ထို့သို့ စိုက်ပျိုးကြရာမှာလည်း မိုးစပါးကို ရိက္ခာဖူ လုံရန်အတွက်သာ အာရုံထားပြီး ပဲမျိုးစုံ

စိုက်ပျိုးမှုသာ အဓိက စီးပွားရေးလုပ်ငန်းအဖြစ် ခံယူလျက်ရှိနေကြပါသည်။

ပဲမျိုးစုံ စိုက်ပျိုးမှုသည် တောင်သူလယ်သမားကြီးများ၏ အဓိကအားထားရာ စီးပွားရေး လုပ်ငန်းကြီး ဖြစ်နေသည်ဆိုသည့် အချက်ဖြစ်ပါသည်။

ယခု ပဲမျိုးစုံ ပြည်ပကမဝယ်တော့ဘူး။

ကန့်သတ်ခံရတယ်ဆိုရင်တော့ အဓိကထိခိုက်နစ်နာမှာ ကတော့ တောင်သူလယ်သမားကြီး အများစုပါဘဲ။ ထိုဖြစ်စဉ်အပေါ်မှာ ပဲမျိုးစုံစိုက်ပျိုးသူတောင်သူ လယ်သမားကြီးများ၏ အကျိုး စီးပွားရေးစနစ် တည်ငြိမ်ဖွံ့ဖြိုးလာစေရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အမြန်ဆုံးဆောင်

ရွက်သင့်သည့် အချက်ကြီး ခြောက်ချက်ကို အကြံပြု သတင်းထုတ်ပြန်ထားပါသည်။

အဲ့ဒီ အချက်တွေကတော့ (၁) အိန္ဒိယအစိုးရနှင့် မြန်မာ အစိုးရ (G to G) ဆောင်ရွက်နိုင်ရေးအတွက် အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ရန်၊သတ်မှတ်ထားပြီး ဖြစ်သော ခွဲတမ်းအတွင်း ပဲသုံးမျိုးကို ခွဲတမ်း အများဆုံး တင်ပို့ခွင့်ရရှိရေး ညှိနှိုင်းဆောင်ရွက်ရန်၊ (၂) ကာလလတ်နှင့်ကာလရှည် အတွက် ဈေးကွက်တစ်ခုတည်း၊ နိုင်ငံတစ်ခုတည်းကို မှီခိုနေရခြင်းသည် အလွန်စိုးရိမ်စရာ ဖြစ်နေ၍ အခြားနိုင်ငံများသို့အစိုးရ အချင်းချင်း (G to G)၊ လုပ်ငန်းရှင် အချင်းချင်း (B to B) ပိုမိုတိုးချဲ့တင်ပို့ရောင်းချနိုင်ရေးအတွက် ညှိနှိုင်းစီစဉ်ဆောင်ရွက်ရန်။

(၃) ပဲစိုက်တောင်သူများ အတွက် ယခုကတည်းက ပဲအစား အခြား စိုက်ပျိုးသင့်သော သီးနှံများ၊ ဈေးကွက်သတင်း အချက်အလက်များကို  ကြိုတင်ရှင်းလင်း တင်ပြအသိပေးထားရန်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအလိုက် စိုက်ပျိုးသီးနှံရွေးချယ်မှုဆိုင်ရာ ညှိနှိုင်းမှုများ ဆောင်ရွက်ရန်။ (၄) တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ ဆောင်ရွက်ပေးရမည့် ကိစ္စများအတွက် ပဲမျိုးစုံဆိုင်ရာ အစိုးရ ပုဂ္ဂလိက ပူးပေါင်းကော်မတီ (သို့) အထူး လုပ်ငန်းအဖွဲ့ကိုအမြန်ဆုံးဖွဲ့စည်းခြင်း၊ ဥပဒေအရ ဖွဲ့စည်းထားပြီးဖြစ်သော ဦးဆောင်အဖွဲ့၊ လယ်ယာထွက်ကုန် စီမံခန့်ခွဲရေး အဖွဲ့များ၊ ကုမ္ပဏီများနှင့်

လည်း ဈေးကွက်သစ်များ ရှာဖွေရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခြင်းတို့ကို လုပ်ဆောင်ရန်။ (၅) လိုအပ်ပါက ဈေးကွက်တည်ငြိမ်စေရန်အတွက် ထိန်းညှိပေးရန်၊ Buffer and Stabiligation Policy တစ်ရပ် အမြန်ဆုံး ရေးဆွဲ အကောင်အထည်ဖော်ခြင်း၊ လှည့်ပတ် ရန်ပုံငွေစီစဉ်ထားခြင်း၊ ပြည်တွင်း သို့လှောင်ထားနိုင်မည့် အခြေအနေများ ကြိုတင်စီမံထားခြင်းတို့ကို ပြင်ဆင်ဆောင်ရွက်ထားရန်။

(၆) ယခုကဲ့သို့ အခြေအနေတွင် မလိုလားအပ်သော သတင်းအမှားများ၊ စိုးရိမ်ပူပန်မှုများနှင့် ဈေးကွက်ဈေးနှုန်းအပေါ် သက်ရောက်နိုင်သော Speculation and Shock များမပေါ်ပေါက်စေရန်အတွက် သတင်းထုတ်ပြန်ခြင်းကို အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ဆောင်ရွက်

ရန်တို့ ဖြစ်ပါသည်။

သို့ပါ၍ မြန်မာ့လယ်ယာထွက်ကုန် ဆန်၊ ပဲမျိုးစုံနှင့် အခြားအမယ်များ ပြည်ပဈေးကွက်ကို မှီခိုမနေရဘဲ ဈေးကွက်

တည်ငြိမ်မှုရရှိအောင် ပြည်ပဈေးကွက်မျိုးစုံကို ထောက်လှန်းရှာဖွေ ခြေလှန်းပြင်ထားရန် လိုအပ်ပါသည်။

Source: the farmermedia

Export, Import Read 1756 times