အိမ်ခြံမြေကဏ္ဍမှာ ရင်းနှီးမြှုပ်နှံချိန်တန်ပြီလား


26 October, 2018

မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ကောင်းမွန်လာဖို့အထောက်အပံ့တွေဖြစ်တဲ့ နှစ်ရှည်အိမ်ရာချေးငွေတွေ ရရှိလာခြင်း၊ ကွန်ဒိုတိုက်ခန်းတွေအတွက် ဥပဒေတွေထွက်ရှိလာခြင်းနဲ့ အိမ်ခြံမြေဈေးတွေ အရင်လို အတက်အကျမမြန်ဘဲ တည်ငြိမ်နေခြင်းတွေက ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် အချိန်ကောင်းတစ်ခုဖြစ်လာစေပါတယ်။

လက်ရှိအခြေအနေမှာ ကွန်ဒိုဥပဒေကို အသက်သွင်းဖော်ဆောင်မယ့် အဖွဲ့အစည်းတွေကို စတင်ဖွဲ့စည်းနေပြီးဥပဒေအရလုပ်ငန်းတွေကို အမြန်ဆုံးလည်ပတ်နိုင်ရင်တော့ နောက်နှစ်ထဲမှာ အိမ်ရာစီမံကိန်းအကြီးတွေကို ကွန်ဒိုဥပဒေအရ တရားဝင်မှတ်ပုံတင်ခွင့်ရလာမှာပဲ ဖြစ်ပါတယ်။

ဒီလိုမှတ်ပုံတင်ခွင့်ရပြီးရင် ကွန်ဒိုတိုက်ခန်းတွေကို ဥပဒေပါခွင့်ပြုချက်အရ နိုင်ငံခြားသားတွေကို ၄၀ ရာခိုင် နှုန်းရောင်းချခွင့်ရှိမှာဖြစ်ပါတယ်။ ဒီအခြေအနေဟာ အိမ်ခြံမြေဈေးကွက် တိုးတက်ကောင်းမွန်လာဖို့၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အများအပြားဝင်ရောက်လာဖို့အတွက် အထောက်အကူတစ်ခုဖြစ်စေလိမ့်မယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကျော်စည်သူက ဆိုပါတယ်။

"အခုကတော့ ဝယ်သူတွေရဲ့ဈေးကွက်ဖြစ်နေတာပေါ့ဗျာ၊ ဒီအချိန်လေးကို အမိအရအသုံးချနိုင်ဖို့လိုပါတယ်၊ ဆောက်လုပ်သူတွေကတော့ ဒီအချိန်က အရောင်းချင်ဆုံးအချိန်ဖြစ်တယ်၊ ဈေးကလည်းတည်ငြိမ်နေပါတယ်"လို့၎င်းက ပြောပါတယ်။

လတ်တလောမှာ ရောင်းချသူတွေက ပရိုမိုးရှင်းတွေနဲ့ ရောင်းချပေးနေတာတွေ အများအပြားရှိနေပြီး ဝယ်ယူသူတွေအနေနဲ့ နေရာကောင်းနဲ့ ပရောဂျက်ကောင်းကောင်းတွေကို ရွေးချယ်ဝယ်ယူနိုင်ရင် ရင်းနှီးမြှုပ်နှံမှုကောင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဦးကျော်စည်သူက ဆိုပါတယ်။

"အိမ်ရာချေးငွေတွေ နှစ်ရှည်ချေးယူခွင့်ရရှိလာခြင်းဟာ ဝယ်ယူသူတွေအတွက် ပိုပြီးသက်သောင့်သက်သာဖြစ်စေပေမဲ့ အတိုးနှုန်းကြီးမြင့်နေတာကတော့ အားနည်းချက်တစ်ခုဖြစ်နေတယ်၊ နောက်ထပ် နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ အတိုးတွေ ထပ်ကျလာမယ်ဆိုရင်တော့ဝယ်ယူသူတွေအတွက်ပို အဆင်ပြေလာဖို့ မျှော်လင့်တယ်"လို့လည်း ၎င်းက ထောက်ပြပါတယ်။

အိမ်ခြံမြေအရောင်းပြပွဲတွေကို လာရောက်ကြည့်ရှုပြီး ဝယ်ယူလိုသူအများစုဟာ ငွေကျပ် သိန်း ၆၀ဝ နှင့် ၁çဝဝဝ ကြားရှိ တိုက်ခန်းတွေကို ဘဏ်ချေးငွေ နဲ့ ဝယ်ယူလိုသူများဖြစ်ကြောင်း ShweProperty.com ရဲ့ ဒါရိုက်တာ ဦးကောင်းသူဝင်းက ပြောပါတယ်။

"ပင်စင်စားဝန်ထမ်းတွေနဲ့ လူငယ်တွေအများစု လာဝယ်ကြပါတယ်။ ဝယ်တဲ့သူတွေအများစုကတော့ ရင်းနှီးမြှုပ်နှံမယ့်သူတွေမဟုတ်ဘဲ အိမ်ရာလိုအပ်ချက်ကြောင့်ဝယ်သူတွေပဲဖြစ်ပါတယ်"လို့ ဦးကောင်းသူဝင်းက ပြောပါတယ်။

အိမ်ခြံမြေလောကကို ပိုမိုတိုးတက်လာအောင် အထောက်အကူပြုနိုင်တဲ့ မဏ္ဍိုင်သုံးခုဖြစ်တဲ့ နှစ်ရှည် အိမ်ရာချေးငွေ၊ နိုင်ငံခြားသားပိုင်ဆိုင်ခွင့်အတွက် ခိုင်မာတဲ့ ဥပဒေနဲ့ အခွန်ကဏ္ဍတွေထဲက နှစ်ရှည်အိမ်ရာ ချေးငွေ ရရှိလာခြင်းဟာ အိမ်ခြံမြေကဏ္ဍအတွက် အထိရောက်ဆုံးအထောက်အကူ ဖြစ်စေခဲ့တယ်လို့လည်း ဦးကောင်းသူဝင်း က ဆိုပါတယ်။

"ပြီးခဲ့တဲ့ ခြောက်လအတွင်း ကျွန်တော်တို့ဆီကနေတစ်ဆင့် အိမ်ရာချေးငွေနဲ့ အိမ်ပိုင်သွားတဲ့သူဦးရေ ၂၀ဝ နီးပါးရှိပါတယ်"လို့ ဦးကောင်းသူဝင်းက ပြောပါတယ်။

နှစ်ရှည်ချေးငွေနဲ့ အိမ်ရာတွေရောင်းချခွင့်ရခြင်းက ရင်းနှီးမြှုပ်နှံပြီး အကောင်အထည်ဖော်မယ့်သူတွေအတွက်ရော၊ ဝယ်ယူသူတွေအတွက်ပါ အဆင်ပြေပေမဲ့ဘဏ်တွေက ချေးငွေတွေ ထုတ်ပေးတဲ့အခါ စာရွက်စာတမ်း မပြည့်စုံမှုတွေကြောင့် အချိန်အနည်းငယ် စောင့်ဆိုင်းရခြင်းတွေတော့ ရှိနေပါတယ်။

နောက်ပိုင်းမှာ အသစ်ထုတ်ပြန်လိုက်တဲ့ ဘဏ်တွေရဲ့ မူဝါဒအသစ်တွေကြောင့် အိမ်ရာချေးငွေ ချေးယူလိုသူတွေအတွက် ပိုမိုအဆင်ပြေလွယ်ကူလာပါတယ်။

အိမ်ခြံမြေဈေးကွက်တွေ တိုးတက်လာပြီး ရင်းနှီးမြှုပ်နှံသူတွေအတွက် အထောက်အကူဖြစ်စေမယ့် နောက်ထပ်အကြောင်းအရာတစ်ခုကတော့ အခြေခံအဆောက်အအုံတွေရဲ့ အရည်အသွေးတွေကို ပိုမိုကောင်းမွန်အောင် ဆောက်လုပ်လာကြတာပဲ ဖြစ်ပါတယ်။

လမ်းတံတားတွေသာမက မြို့ပြရဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲတိုးတက်မှုတွေဖြစ်တဲ့ ဈေးဝယ်စင်တာကြီးတွေ၊ ရုံးခန်းတာဝါတွေနဲ့service apartmentလို့ခေါ်တဲ့ ဇိမ်ခံကွန်ဒိုတွေနဲ့ အဆင့်မြင့်ဟိုတယ်ကြီးတွေ တိုးတက်ပြောင်းလဲလာတာကလည်း မြို့ပြလူနေမှုအဆင့်အတန်းကို ပြောင်းလဲပေးနေပြီး အိမ်ခြံမြေရဲ့အရေးပါမှုတွေကို ဖော်ပြပေးနေတဲ့ တစ်စိတ်တစ်ဒေသလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့လေး၊ ငါးနှစ်ခန့်က ရန်ကုန်မြို့လယ်ကောင်မှာ ရုံးခန်းငှားရမ်းခတွေဟာ တစ်စတုရန်းပေကို အမေရိကန်ဒေါ်လာ ရှစ်ဒေါ်လာကနေ ကိုးဒေါ်လာလောက်ထိ ဈေးကြီးမြင့်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ရုံးခန်း အဆောက်အအုံများ ပြည်တွင်းမှာပေါ်ထွက်လာတဲ့အတွက်ကြောင့် ရုံးခန်းငှားခတွေဟာ တစ်စတုရန်ပေအတွက် နှစ်ဒေါ်လာ၊ သုံးဒေါ်လာခန့်သာ ကျသင့်တော့ကြောင်း iMyanmarHouse.com ရဲ့ မန်နေးဂျင်း ဒါရိုက်တာ ဦးနေမင်းသူရဲ့ ပြောပြချက်အရသိရပါတယ်။

"ကမ္ဘာ့အဆင့်မီ ရုံးခန်း၊ အဆောက်အအုံတွေ၊ တာဝါတွေ ဒီထက်အများကြီး အဆင့်မြင့်မြင့်နဲ့ ထွက်ပေါ်လာဖို့လိုအပ်နေပါသေးတယ်၊ ရုံးခန်းငှားခတွေလျော့သွားတော့ စီးပွားရေးလုပ်ငန်းတွေအတွက် ကုန်ကျစရိတ်လျော့ သွားလို့ ရေရှည်မှာဒီလုပ်ငန်းက ဖွံ့ဖြိုးဖို့လိုပါတယ်"လို့ဦးနေမင်းသူက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းမှာ မဟုတ်ဘဲတခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်း ဘက်စုံသုံး အဆောက်အအုံတွေကို စီမံကိန်းချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လာကြပါတယ်။

"အခုနောက်ပိုင်း အဆောက်အအုံအရည်အသွေးမကောင်းရင် ဝယ်သူကလက်မခံကြတော့ဘူး၊ အခုက စပြီးနောက် ငါးနှစ်ထိက modern changes တွေကို ဦးစားပေးလာကြလိမ့်မယ်၊ ဝန်ဆောင်မှုနဲ့ အရည်အသွေး ကောင်းမှသာ ဝယ်ယူသူတွေက စိတ်ဝင်စားလာကြမှာဖြစ်ပါတယ်"လို့ ဦးကျော်စည်သူက ဆိုပါတယ်။

အရင်ကတော့ အိမ်တစ်လုံးဝယ်ရင် ဆေးပြန်သုတ်တာကစပြီး မီးကြိုးဆင်တာအဆုံး အစအဆုံးပြန် ပြင်ဆင် ရလေ့ရှိပေမဲ့ ဒီဘက်ခေတ်မှာတော့ မီနီကွန်ဒို သို့မဟုတ်ကွန်ဒိုတိုက်ခန်းတစ်ခန်းကို ဝယ်ယူလိုက်ရင် အသင့်ပြောင်းရွှေ့နေထိုင်ရုံပါပဲ။

ရိုးရိုးတိုက်ခန်းတွေမှာလည်း အတော်အတန်နေထိုင်လို့ အဆင်ပြေအောင် ဆောက်လုပ်လာကြတာကိုလည်း တွေ့မြင်ရပါတယ်။ ဒါ့ပြင် အဆောက်အအုံရဲ့ အရည်အသွေးကို ထိန်းသိမ်းလာကြပါတယ်။

လက်ရှိ အိမ်ခြံမြေဈေးကွက်ထဲမှာလည်း ကျပ်ငွေတန်ဖိုးကျဆင်းလာတာနဲ့အမျှ ဘဏ်ထဲမှာထားတဲ့ ငွေတွေကို တန်ဖိုးကျဆင်းသွားမှာစိုးတဲ့အတွက် အိမ်ခြံမြေဘက်မှာ ရင်းနှီးမြှုပ်နှံလာကြတဲ့သူတွေ ရှိနေတယ်လို့လည်း ဦးနေမင်းသူက ပြောပါတယ်။

ဒေါ်လာဈေးတွေတက်လာပြီး ကျပ်ငွေတန်ဖိုး ကျဆင်းလာခြင်းဟာလည်း အိမ်ခြံမြေဈေးကွက်အတွက် ရိုက်ခတ်မှုတွေရှိနေပါတယ်။ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် ဒေါ်လာမာတဲ့အချိန်ဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အကောင်းဆုံးအချိန်တစ်ခုဖြစ်တယ်လို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

ပြည်တွင်းက ရင်းနှီးမြှုပ်နှံမယ့်သူတွေအနေနဲ့တော့ခြံ၊ မြေတွေထက် တိုက်ခန်း၊ ကွန်ဒိုတွေကိုသာ ပိုမိုရင်းနှီးမြှုပ်နှံသင့်ကြောင်း ဦးကျော်စည်သူက အကြံပြုပြောကြားပါတယ်။

"ဒေါ်လာဈေးမငြိမ်ရင် အိမ်ခြံမြေဘက်ကို ပိုပြီးရင်းနှီးမြှုပ်နှံမှု ပိုများလာမယ်၊ မြေနဲ့ခြံကတော့ နောက်နှစ်နှစ် သုံးနှစ်လောက်ထိ ဈေးထပ်ကျနေဦးမယ်လို့ ထင်တယ်"လို့ ၎င်းက ဆိုပါတယ်။

မြေဈေးတွေဟာ ၂၀၁၃ ခုနှစ်ခန့်မှာ အမြင့်ဆုံးအနေအထားမှာရပ်တည်ခဲ့ပြီးတော့ အခုအခြေအနေနဲ့နှိုင်းယှဉ် ကြည့်ရင်တော့ ၂၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားတယ်လို့ဦးနေမင်းသူက ဆိုပါတယ်။

ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်နိုင်တဲ့ စက်မှုဇုန်မြေဈေးတွေကတော့ တခြားနိုင်ငံတွေနဲ့ယှဉ်လိုက်ရင် ဈေးကြီးမြင့်နေသေးတာကိုလည်း တွေ့ရပါတယ်။

"စက်ရုံတွေတည်ဆောက်မယ့်အပိုင်းမှာ ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားသားတွေကမြေဈေးနဲ့ အခြေခံလမ်းတံတား၊ ရေ၊ မီးပြည့်စုံရဲ့လားဆိုတာကို ကြည့်ကြပါတယ်၊ ဒါတွေသာ အဆင်ပြေအောင် လုပ်ပေးနိုင်ရင် ရင်းနှီးမြှုပ်နှံမှု က ပိုမိုဝင်ရောက်လာမှာပါ"လို့ ဦးနေမင်းသူက ပြောပါတယ်။

အိမ်ခြံမြေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေပိုများလာဖို့အတွက် အခြေခံလမ်း၊ တံတားအပြင် ယာဉ်ကြောကြပ်တည်းမှုပြဿနာတွေနဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးတွေချောမွေ့နေဖို့ကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်နေပါတယ်။ အိမ်ဝယ်မယ့်သူတစ်ယောက်ဟာ ဝယ်ယူလိုက်တဲ့အိမ်နေရာနဲ့ အလုပ်နေရာ အရမ်း ဝေးကွာလွန်းရင် သွားလာရေးမှာ အခက်အခဲရှိတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးဟာ ထည့်သွင်းစဉ်းစားစရာအချက်တစ်ခုပါတယ်။

နိုင်ငံရဲ့အနေအထားဟာ နောက်ထပ်ဖွံ့ဖြိုးမယ့် အလားအလာတွေရှိနေတာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အများအပြားဝင်ရောက်လာနိုင်ကြောင်း၊ ဒါကြောင့် ပြည်တွင်းက အိမ်ခြံမြေကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် ယခုအချိန်ဟာ အချိန်ကောင်းတစ်ခုဖြစ်တယ်လို့ ဦးကျော်စည်သူက သုံးသပ်ပါတယ်။

အိမ်ခြံမြေကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် ပွဲစားတွေကနေတစ်ဆင့် အချိန်ကုန်လူပန်း ခက်ခက်ခဲခဲရှာနေစရာမလိုတော့ဘဲ အွန်လိုင်းကနေတဆင့် မိမိစိတ်ကြိုက် အိမ်၊ ခြံ၊ မြေတွေကို ရှာဖွေနိုင်တဲ့ ကဏ္ဍသစ်တွေ၊ ဝန်ဆောင်မှုကုမ္ပဏီတွေ အများအပြားပေါ်ပေါက်လာနေပါတယ်။

မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ Jh iMyanmarHouse.com နဲ့ShweProperty.com တို့ရဲ့ ဝက်ဘ်ဆိုဒ်တွေမှာ ရိုးရိုးတိုက်ခန်း၊ ကွန်ဒိုတိုက်ခန်း၊ လုံးချင်းအိမ်နဲ့ ခြံမြေတွေကို မြို့နယ်အလိုက်၊ ဈေးနှုန်းအမျိုးမျိုးနဲ့ အလွယ်တကူရှာဖွေနိုင်ပါတယ်။

ဒါ့ပြင် ဘဏ်ချေးငွေနဲ့ဝယ်ယူချင်သူတွေအတွက် ဘဏ်တိုးနှုန်းတွေ တွက်ချက်ပေးတဲ့စနစ်တွေအပြင် အိမ်ခြံမြေရောင်း၊ ဝယ်၊ ငှားတဲ့အခါ ဖြစ်ပေါ်လာတဲ့ အရှုပ်အရှင်းတွေကို ကူညီဖြေရှင်းပေးတဲ့ ကဏ္ဍအသစ် တွေကိုလည်း တွေ့ရှိရပါတယ်။

ဝန်ဆောင်မှုကုမ္ပဏီတွေရဲ့ ဝက်ဘ်ဆိုဒ်တွေအပြင်facebook ပေါ်မှာလည်း group တွေ page တွေဖွဲ့ပြီး ရောင်းဝယ်ငှားလုပ်ငန်းတွေ လုပ်ဆောင်နေကြတာကိုလည်း တစ်နေ့တစ်ခြား များပြားလာနေပါတယ်။ ဒါတွေဟာဝယ်ယူလိုသူတွေအတွက် ပိုမိုလွယ်ကူလာသလို ရောင်းချလိုသူတွေအတွက်လည်း ပိုမိုအဆင်ပြေလွယ်ကူလာစေပါတယ်။ဝယ်ယူလိုသူတွေအတွက် ပိုမိုလွယ်ကူလာသလို ရောင်းချလိုသူတွေအတွက်လည်း ပိုမိုအဆင်ပြေလွယ်ကူလာစေပါတယ်။

Source: myanmar times

Local News Investment/Divestment Read 493 times