အစိုးရသစ်လက်ထက်ဦးစားပေးဆောင်ရွက်မည့်ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၁၀ မျိုး


27 June, 2017

အစိုးရသစ်လက်ထက်တွင်ဦးစားပေးဆောင်ရွက်မည့်ရင်းနှီးမြုပ်နံှမှုလုပ်ငန်း ၁၀ မျိုးကိုမြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်(MIC)ကဇွန်လ ၂၈ ရက်နေ့တွင်ထုတ်ပြန်ကြေညာသည်။

ယင်းလုပ်ငန်းများတင်ပြလာပါကရင်းနှီးမြုပ်နှံမှုကော်မရှင်ကဦးစားပေးဆောင်ရွက်မည့်အပြင်ကော်မရှင်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများကလည်း ပံ့ပိုးကူညီမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဦးစားပေးကဏ္ဍများသည်စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး စိုက်ပျိုးထုတ်လုပ်ခြင်း၊ ဝန်ဆောင်မှုပေးခြင်းနှင့် တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်ခြင်း၊ တိရစ္ဆာန်နှင့်ရေထွက်ပစ္စည်းမွေးမြူထုတ်လုပ်ခြင်း၊ပို့ကုန်မြှင့်တင်မည့် ကုန်ထုတ်လုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားပေးကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုများ၊ တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ခြင်းနှင့် စက်မှုမြို့တော်တည်ဆောက်ခြင်းတို့ဖြစ်ပြီး တင်ပြလာသည့်မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားရင်းနှီးမြုပ်နှံသူ မည်သူမဆိုဦးစားပေးဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသည်။

၂၀၁၆ တွင်ပြဌာန်းခဲ့သည့်ရင်းနှီးမြုပ်နှံမှုဥပဒေသစ်အရခွင့်ပြုမိန့်လိုသည့်ရင်းနှီးမြှုပ်နံှမှုလုပ်ငန်းများကို ရက်ပေါင်း ၆၀အတွင်းခွင့်ပြုမိန့်ပေးရန်ပြဌာန်းခဲ့ပြီး အတည်ပြုရုံတင်ပြလာသည့် လုပ်ငန်းများကို ရက်ပေါင်း ၃၀ အတွင်းအတည်ပြုပေးနေသည်ဟု ၎င်းကဆိုသည်။

ယခင်ဥပဒေအဟောင်းတွင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုမိန့်ပေးရန် ရက်ပေါင်း ၉၀ အတွင်းခွင့်ပြုမိန့်ပေးခြင်းဖြစ်သည်။

လက်ရှိအစိုးရလက်ထက်တွင်စိုက်ပျိုးရေးကဏ္ဍသည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ဝင်ရောက်မှုလုံးဝမရှိဘဲ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်နှစ်လအတွင်းနိုင်ငံခြားရင်းနှီးမြုပ်နှံမှုကန်ဒေါ်လာ ၄ ဒသမ ၈ သန်းဝင်ရောက်ခဲ့သည်။

မွေးမြူရေးကဏ္ဍတွင်ပြီးခဲ့သည့် ဘဏ္ဍာနှစ်တစ်လျှောက်လုံးတွင် ကန်ဒေါ်လာ ၉၆ သန်းကျော်နှင့် ယခုဘဏ္ဍာနှစ်နှစ်လအတွင်းကန်ဒေါ်လာလေးသန်းကျော်ဝင်ရောက်ထားသည်။

Investment/Divestment Read 5059 times