၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် လေးလအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၅၀၀ ကျော် ရရှိ


17 August, 2018

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် လေးလ ကာလအတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ငွေပမာဏ အမေရိကန် ဒေါ်လာ သန်း ၅ ရာ ကျော် ဝင်ရောက်ထားကြောင်းမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က သတင်း ရရှိသည်။

ရန်ကုန်မြို့ MIC ရုံး၌ သြဂုတ်လ ၁၄ ရက်က ပြုလုပ်သော အစည်းအဝေးတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦအောင်နိုင်ဦးက ယင်းသို့ ပြောခြင်း ဖြစ်သည်။

ဦးအောင်နိုင်ဦးက “ဧပြီ ၁ ရက်က စပြီး အခုလ ၁၀ ရက်အထိ လုပ်ငန်းပေါင်းက ၆၁ ခု ရှိတယ်။ ဒီလုပ်ငန်းတွေကနေရတဲ့ ပမာဏက အမေရိကန် ဒေါ်လာ ၅၃၅ ဒသမ ၅၂၅ သန်း ဖြစ်ပါတယ်။ ထပ်မံတိုးမြှင့်တဲ့ လုပ်ငန်းတွေလည်း ရှိတဲ့အတွက် ကြောင့်မို့ အကုန်လုံး ပေါင်းမယ်ဆိုရင် ဒီနှစ်ထဲမှာ ကျနော်တို့ ခွင့်ပြုထားတဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏက ကန်ဒေါ်လာ ၉၆၆ ဒသမ ၅၇၅ သန်း ဖြစ်တယ်”ဟု ရှင်းပြသည်။

ယင်းသို့ ရင်းနှီးမြှုပ်နှံမှု ပမာဏတိုးလာခြင်းသည် မြန်မာနိုင်ငံအတွင်း လက်ရှိ ဘဏ္ဍာနှစ်၌ ခွင့်ပြုထားသော နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၆၁ ခု တွင် ထပ်မံ၍ ငွေကြေး ထည့်ဝင် ရင်းနှီးမြှုပ်နှံခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ခွင့်ပြုခဲ့သော နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၆၁ ခုမှ ပြည်တွင်း အလုပ်အကိုင်ပေါင်း တသောင်းကျော် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က သိရသည်။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအား အကြံပေး ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သော Diamond Intelligence ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးသက်အောင်မင်းလတ်က “အခု ရင်းနှီးမြှုပ်နှံမှု ဝင်နေတဲ့ ကဏ္ဍတွေကို ကျနော် လေ့လာကြည့် လိုက်တော့ Power လိုမျိုး၊ စွမ်းအင် ကဏ္ဍတွေမှာ တိုးလာတယ်။ အခုက Energy နဲ့ လုပ်တဲ့ စီမံကိန်းတွေလည်း ရှိတယ်။ အဲဒီလိုမျိုး ငွေပမာဏ အများကြီးနဲ့ လုပ်ရတဲ့ ဟာတွေနဲ့ ယှဉ်ရင် တိုးလာတယ်လို့ ပြောလို့ရတယ်။ နည်းနည်း ပါးပါးလာ တာက အာရှပိုင်းက အထည်ချုပ် လုပ်ငန်းတွေ ရှိတယ်။ လောက်လောက်လားလားနဲ့ စီးပွားရေးကို ငွေကြေး လည်ပတ် စီး ဆင်းမှု ဖြစ်သွားလောက်တဲ့ ပုံမှန်ဝင်နေတဲ့ ရင်းနှီးမြှုပ်နှံမှုက မရှိဘူး။ အဲဒီတော့ နိုင်ငံခြားငွေ ရရှိမှု နည်းနေတယ်။ အလုပ် အကိုင် ဖန်တီးမှု နည်းပါးတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယင်းသို့ ရင်းနှီးမြှုပ်နှံမှု မဝင်လာခြင်းမှာ သြဂုတ်လ ၁ ရက်က အသက်ဝင်သည့် ကုမ္ပဏီဥပဒေများ စောင့်ကြည့် လေ့လာနေကြခြင်းနှင့် မြင့်တက်နေသော ဒေါ်လာဈေးနှုန်းအရ တကမ္ဘာလုံး အနေအထားဖြင့် ငွေကြေးကြပ်တည်းမှု ဖြစ်ပေါ်နေ ခြင်းတို့နှင့်လည်း သက်ဆိုင်နေကြောင်း ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တချို့က သုံးသပ်ပြောဆိုကြသည်။

ဦးသက်အောင်မင်းလတ်က “မြန်မာနိုင်ငံကို ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေ ဝင်မယ်ဆိုရင် ကျနော်တို့နဲ့ အရင်ဆုံး ထိတွေ့မှု ရှိပါတယ်။ အခု ထိတွေ့မှု မရှိတာ၂ လလောက် ရှိပြီ။ စိတ်ဝင်စားပါတယ် ဆိုတဲ့ အီးလ်မေးလေး တစောင်တောင် မရဘူး။ ကျနော်တို့ ဘာလုပ်လို့ ရမယ်ဆိုတဲ့ အကြောင်းတောင် မေးတာမျိုး မရှိဘူး။ ဒီနယ်ပယ်မှာ ကျနော်တို့ လုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံ ၅ နှစ် အရတော့ အခုလိုမျိုး ရင်းနှီးမြှုပ်နှံမှု လုံးဝ မလာတာ မရှိခဲ့ဘူး။ အခုက လုံးဝကို မဝင်လာတာ”ဟု ပြောကြားခဲ့ပါသည်။

လက်ရှိ အချိန်ထိ မြန်မာနိုင်ငံသို့ ပြည်ပ နိုင်ငံပေါင်း ၂၆ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပြီး စင်ကာပူနိုင်ငံ လုပ်ငန်း ၇ ခုမှ အမေရိကန် ဒေါ်လာ ၁၂၂ ဒသမ ၁၂၅ သန်း၊ တရုတ်နိုင်ငံ လုပ်ငန်း ၂၃ ခုမှ ဒေါ်လာ ၁၀၈ ဒသမ ၁၆၆ သန်း၊ ဂျပန် နိုင်ငံ လုပ်ငန်း ၄ ခုမှ ဒေါ်လာ ၅၆ ဒသမ ၆၆၃ သန်း၊ အမေရိကန် နိုင်ငံ၏ လုပ်ငန်း ၁ ခုမှ ၅၅ ဒသမ ၉၀၀ သန်း၊ ကိုရီးယား နိုင်ငံ လုပ်ငန်း ၈ ခုမှ ဒေါ်လာ ၄၆ ဒသမ ၁၁၂ သန်းနှင့် ဟောင်ကောင်နိုင်ငံ လုပ်ငန်း ၄ ခုမှ ဒေါ်လာ ၃၈ ဒသမ ၀၅၆ သန်းဖြင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားကြောင်း MIC စာရင်းများ၌ ဖော်ပြထားသည်။

ခွင့်ပြုခဲ့သော လုပ်ငန်းများမှာ ကုန်ထုတ်လုပ်မှု လုပ်ငန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းများ၊ လျှပ်စစ်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ၊ အိမ်ရာ အဆောက်အအုံလုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ် ငန်းများ၊ အစာစပ် လုပ်ငန်းများ၊ စက်မှု ကဏ္ဍများ၊ သတ္တုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍများနှင့် အခြားဝန် ဆောင်မှု လုပ်ငန်းများ အစရှိသည့် လုပ်ငန်းကဏ္ဍများတွင် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန် ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းက ပြောသည်။

အများဆုံး ဝင်ရောက်ခဲ့သော နိုင်ငံမှာ တရုတ်၊ စင်ကာပူ၊ ဂျပန်နှင့် အမေရိကန် နိုင်ငံတို့ ဖြစ်ကြပြီး စက်မှုကဏ္ဍ၊ အခြား ဝန်ဆောင်မှု ကဏ္ဍများ၊ စက်မှုဇုန် တည်ဆောက်ရေးကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာ ရေး ကဏ္ဍနှင့် သတ္တုတွင်း ကဏ္ဍတို့ ဖြစ်သည်။

ထို့ပြင် အထူးစီးပွားရေးဇုန် ဥပဒေ အရ ယခု ဘဏ္ဍာနှစ်တွင် ဧပြီလ ၁ ရက်မှ သြဂုတ်လ ၁၀ ရက် အထိ သီလဝါ အထူး စီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၁၇၁ ဒသမ ၁၀၀ သန်း ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စာရင်းများ အရ သိရသည်။

Irrawaddy

Investment/Divestment Read 458 times