နှစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှ ဒေါ်လာသန်း ၁၃၀ ကျော်ဝင်ရောက်


17 May, 2018

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတာကာလအတွင်း ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးလျက်ရှိရာ ဧပြီလနှင့် မေလ နှစ်လတာကာလအတွင်း ဒေါ်လာ သန်း ၁၃၀ ကျော်အထိ ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းထုတ်ပြန်ချက်များအရ သိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ အတည်ပြုခဲ့သည့် လု်ငန်းတစ်ခုရှိသဖြင့် အဆိုပါအစည်းအဝေးကာလတွင် စုစုပေါင်း လုပ်ငန်းလေးခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅၄ ဒသမ ၅၃၀ သန်းကို ခွင့်ပြု/အတည်ပြုပေးးခဲ့ကြောင်းနှင့် အဆိုပါလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်ကိုင်အခွင့်အလမ်းပေါင်း ၄၀၀၀ ကျော်ကို ဖန်တီးပေးမည်ဖြစ်ကြောင်း၊ ခွင့်ပြု/ အတည်ပြုလုပ်ငန်းလေးခုမှာ စက်မှုကဏ္ဍလုပ်ငန်းတစ်ခု၊ အခြားဝန်ဆောင်မှုကဏ္ဍတစ်ခု၊ လယ်ယာကဏ္ဍတစ်ခုနှင့် အိမ်ရာအဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတစ်ခုတို့ဖြစ်ကြောင်း သိရပါသည်။

၂၀၁၈ ခုနှစ် မေလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုခွင့်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၆၃ ဒသမ ၈၃၇ သန်းဖြစ်ကြောင်း သိရပါသည်။

ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၁၀၈ ဒသမ ၉၇၂ သန်းဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမပမာဏ ဒေါ်လာ ၂၁ ဒသမ ၈ သန်းခွင့်ပြုပေးခဲ့သောကြောင့် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၃၀ ဒသမ ၇၇၂ သန်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းထုတ်ပြန်ချက်များအရ သိရပါသည်။

အဆိုပါအစည်းအဝေးကာလအတွင်း အမေရိကန်အခြေစိုက် Starbucks Coffee က ဒေါ်လာ ၆ သန်း မတည်ရင်းနှီးပြီး ဆိုင်ခွဲပေါင်း ၂၀ ဖွင့်လှစ်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရပါသည်။

Coffee Concepts (Myanmar) Ltd မှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းဖြစ်ပြီး ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် Starbucks အစားအစာနှင့် အဖျော်ယမကာ တည်ခင်းဧည့်ခံခြင်းနှင့် ရောင်းချခြင်း၊ Starbucks အမှတ်တံဆိပ်ပါ ကုန်ပစ္စည်းများရောင်းချခြင်း၊ Starbucks ဆိုင်များ လည်ပတ်ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရပါသည်။

  Eleven

Investment/Divestment Read 481 times