ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ရေရှည်တည်တံ ခိုင်မြဲသည့် စီးပွားရေးတိုးတက်မှုကို အရှိန်မြှင့်တင်နိုင်ရန်၊ မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများကို အကျိုးရှိရှိ ဖော်ထုတ်အသုံးချနိုင်စေရန် တို့အတွက် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံသူများအား
ဖိတ်ခေါ်လျက်ရှိပါသည်။
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှိနေသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး ကြွယ်ဝပေါများသည့် ရေအရင်းအမြစ်နှင့် အလားအလာကောင်းသည့် မြေလွတ်၊ မြေရိုင်းများစွာရှိပါသည်။
၂၀၁၄-၂၀၁၅ခုနှစ် စာရင်းများအရ စုစုပေါင်း မြေအကျယ်အဝန်း၏ (၁၁.၃၇၉) ဟက်တာသန်းအား စိုက်ပျိုးရေးအတွက် အသုံးပြုခဲ့ကြောင်း တွေ့ရှိရပါသည်။
မြန်မာနိုင်ငံတွင် မတူညီသည့် ရေမြေတောတောင် ဥတုရာသီများရှိပြီး နှစ်ရှည်ပင်များအတွက် သာမက ဆန်၊ ပဲ၊ ပြောင်း၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကဲ့သို့သော ရာသီသီးနှံများပါ အလွယ်တကူစိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။
ရင်းနှီးမြှုပ်နှံမှုများနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးအနေဖြင့် သမားရိုးကျစိုက်ပျိုးသည့်စနစ်မှ ထုတ်လုပ်မှု အားကောင်းပြီး ရေရှည်အကျိုးရှိဖြစ်ထွန်းသည့် စိုက်ပျိုးရေးအခြေခံစီးပွားရေးစနစ်သို့ ကူးပြောင်းရာတွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ ပိုမိုပါဝင်လာစေရန်အတွက်ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါရည်မှန်းချက်အောင်မြင်စေရန်အတွက် လယ်ယာစိုက်ပျိုးရေး ဆိုင်ရာကုန်ထုတ်စွမ်းအား (ဥပမာ- ကောင်းမွန်သည့်ဆည်မြောင်းစနစ်ရှိခြင်း၊ မျိုးကောင်းမျိုးသန့်မျိုးစေ့နှင့် နည်ပညာများ) နှင့် အရည်အသွေး ( ဥပမာ- မျိုးစေ့အရည်အသွေး၊ ရိတ်သိမ်းချိန်လွန် လုပ်ငန်းစဉ်များ)လိုအပ်လျက်ရှိပါသည်။
စိုက်ပျိုးရေးကဏ္ဍ အဓိကအခွင့်အလမ်းများမှာ လယ်ယာစိုက်ပျိုးရေးသွင်းအားစုများ၊ ထုတ်လုပ်မှုနှင့်စျေးကွက်ဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးနှင့် ဆက်စပ်သည့်ဝန်ဆောင်မှုလုပ်ငန်းများဖြစ်ပါသည်။
လယ်ယာစိုက်ပျိုးရေးသွင်အားစုဆိုင်ရာလုပ်ငန်းများမှာ ကျေးလက်နေပြည်သူများအတွက် စရိတ်သက်သာသည့်ဆည်မြောင်းစနစ်များ ဖြန့်ဖြူလုပ်ဆောင်ပေးခြင်း (ဥပမာ-ဆိုလာစွမ်းအင်ဖြင့်လည်ပတ်မောင်းနှင်သည့်စနစ်)၊ စိုက်ပျိုးရေးစက်ပစ္စည်းနှင့်ကိရိယာများငှားရမ်းပေးခြင်း၊ဆန်စပါးအထွက်တိုးစေရေးအတွက် အဆင့်မြင့်မျိုးစေ့များဖြန့်ဖြူးပေးခြင်း (ဥပမာ- မြန်မာ့စိုက်ပျိုးရေးဘဏ်နှင့် ပူးပေါင်း၍ တောင်သူလယ်သမားများအား မျိုးကောင်းမျိုးသန့် မျိုးစေ့များ စိုက်ပျိုးနိုင်ရေးအတွက် အားပေးလုပ်ဆောင်ခြင်း)၊ ဓါတ်မြေသြဇာထုတ်လုပ်ခြင်းနှင့်သီးနှံကာကွယ်ရေးဆိုင်ရာ ဓါတုပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းများ တည်ထောင်ခြင်း၊ စသည်တို့ဖြစ်ပါသည်။
ထုတ်လုပ်မှုနှင့် စျေးကွက်ဖွံ့ဖြိုးရေးမှာ ကန်ထရိုက်လယ်ယာစနစ် (ဥပမာ- ကျေးလက်နေပြည်သူများနှင့် စီးပွားရေးသဘောတူ စာချုပ် ချုပ်ဆိုလုပ်ကိုင်ခြင်း)၊ တန်ဖိုးမြှင့်လယ်ယာထွက်ကုန်ပစ္စည်းများထုတ်လုပ်ခြင်း/ ဒေသထွက်ကုန်များ(ဥပမာ- မြေပဲ၊ နှမ်း) ကိုအခြေခံသည့်ထုတ်လုပ်မှုများလုပ်ဆောင်ခြင်း၊ လယ်ယာထွက်ကုန်ပစ္စည်းများ ထုတ်ပိုးခြင်းနှင့် စည်သွတ်ဗူးထုတ်လုပ်မှုလုပ်ငန်းများ ထူထောင်ခြင်း စသည်တို့ဖြစ်ပါသည်။
စိုက်ပျိုးရေးနှင့် ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများမှာ သုတေသနနှင့် လေ့ကျင့်ရေးသင်တန်းကျောင်းများထူထောင်ခြင်း/ စုပေါင်းလယ်ယာစနစ်အတွက် စံပြစိုက်ခင်းများ ဖော်ထုတ်ခြင်း၊ ရာသီအလိုက်သီးနှံများ စဉ်ဆက်မပြတ် စိုက်ပျိုးခြင်း၊ မြေသြဇာအသုံးပြုခြင်း၊အော်ဂဲနစ် စိုက်ပျိုးရေး၊ စိုက်ပျိုးရေးနှင့် ဆက်စပ်သည့် စီးပွားရေးစွမ်းရည်များဖွံ့ဖြိုးရေး၊ သိုလှောင်ရုံနှင့် အအေးခန်းများ တည်ဆောက်ခြင်း၊ တောင်သူလယ်သမားများအတွက် အသေးစားချေးငွေ၊ အာမခံနှင့် ကုန်သွယ်မှုဆိုင်ရာ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများစသည်တို့ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ပင်လယ်ရေထွက်နှင့် သားငါးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအခွင့်အရေးများ၏ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းသည် (၂၈၃၂)ကီလိုမီတာရှည်လျားပြီး ဘင်္ဂလားပင်လယ်အော်၊ မုတ္တမ ပင်လယ်ကွေ့တို့နှင့် ဆက်စပ်လျက်ရှိရာ ကမ်းရိုးတန်းဒေသ (အထူးသဖြင့် ရခိုင်ပြည်နယ်) နေ ပြည်သူများ အတွက် ရေထွက်နှင့်
သားငါးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းသည် အရေးပါသည့် အခွင့်အလမ်းဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် မြန်မာ့ရေပြင် အနည်းငယ်ကိုသာ ငါးဖမ်းလုပ်ငန်းအတွက် အကျိုးရှိရှိ သုံးစွဲလျက်ရှိပြီး ငါးနှင့် ရေထွက်လုပ်ငန်းအတွက် ရေချိုငါးကန် ဟက်တာပေါင်း(၅၀၀၀၀) ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ ၁၉၉၄ခုနှစ်မှ ၂၀၁၄ခုနှစ်ကာလအတွင်း ပင်လယ်ရေထွက် ပစ္စည်းထုတ်လုပ်မှုပမာဏ (၈)ဆခန့် တိုးတက်လာခြင်းကလည်း သားငါးကဏ္ဍသည်မြန်မာ့စီးပွားရေးတွင် အလားအလာရှိသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း သက်သေတစ်ခုပင်ဖြစ်ပါသည်။
ထို့ကြောင့် ကမ်းနီး၊ ကမ်းဝေး ရေထွက်နှင့် သားငါးမွေးမြူထုတ်လုပ်ရေး ကဏ္ဍ (ဥပမာ- ရေချိုငါးမွေးမြူရေး၊ မြစ်ချောင်းစနစ်၊ ရေထွက်ပစ္စည်းမွေးမြူရေးလုပ်ငန်းများ)သည် အလားအလာများစွာ ရှိပါသည်။
သားငါးကဏ္ဍ၌ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများက ပြည်တွင်းကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင် ဆောင်ရွက်နိုင်ပါသည်။
ယခုအချိန်၌ မြန်မာ့သားငါးထုတ်ကုန်များကို ဥရောပသမဂ္ဂနိုင်ငံများသို့ တရားဝင်လွတ်လပ်စွာ တင်ပို့ရောင်းချနိုင်ပြီဖြစ်ပြီး ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs) နည်းတူ အကောက်ခွန်ဆိုင်ရာ ကင်းလွတ်ခွင့် အခွင့်အရေးများ ရရှိခံစားနိုင်ပြီဖြစ်ပါသည်။
ပင်လယ်ရေထွက်နှင့် သားငါးကဏ္ဍ အဓိကအခွင့်အလမ်းများမှာ ငါးမွေးမြူရေးဆိုင်ရာ ရေထွက်ပစ္စည်းထုတ်လုပ်ခြင်း၊ ရေချိုငါးနှင့် ပုဇွန်မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ၊ ငါးလုပ်ငန်းဆိုင်ရာ အစားအစာထုတ်လုပ်ခြင်း၊ အအေးခန်း၊ စည်သွပ်ခြင်းနှင့်ထုတ်ပိုးခြင်းလုပ်ငန်းများနှင့် သားငါးကဏ္ဍအတွက်လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေးဆိုင်ရာ ပညာရေးနှင့် သုတေသနသင်တန်းကျောင်းများ ထူထောင်းခြင်း စသည်တို့ဖြစ်ပါသည်။
Source:DICA Government