၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် ၁ဝလ အတွင်းနိုင်ငံခြားကုမ္ပဏီ ၁၈၈ခု မြန်မာနိုင်ငံတွင်ဒေါ်လာ ငါးဘီလျံခန့် (ဒေါ်လာ ၄၉၆ဝ ဒသမ ၃၃၄သန်း) ရင်းနှီးမြှုပ်နှံခဲ့ပြီး ကုန်ထုတ်လုပ်မှု၊ အိမ်ခြံမြေ၊ ဆက်သွယ်ရေး ကဏ္ဍတို့တွင် အများဆုံးရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။
ကဏ္ဍအလိုက်ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီအရေအတွက်နှင့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ဒေါ်လာ ၁၅၈ဝ ဒသမ၁၉၄သန်း(လုပ်ငန်း ၁၁၆ခု)၊အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ ၁၁၃၄ ဒသမ ၄၃၇ သန်း (လုပ်ငန်း၁ဝခု)၊သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၆၉၆ ဒသမ ဝ၉၉ သန်း(လုပ်ငန်းခုနှစ်ခု)၊ စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၃၆၂ ဒသမ ၉၉၆ သန်း (လုပ်ငန်းသုံးခု)၊
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ဒေါ်လာ ၁၅၄ ဒသမ ၄၃၇ သန်း (လုပ်ငန်းသုံးခု)၊ စိုက်ပျိုးရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ ဒသမ ၄၉၅သန်း (လုပ်ငန်းခုနှစ်ခု)၊ စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ဒေါ်လာ ၃၄ ဒသမ ဝ၃၇ သန်း (လုပ်ငန်းတစ်ခု)၊မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတွင် ဒေါ်လာ ၂၃ ဒသမ ၈၁၂ သန်း (လုပ်ငန်းခုနှစ်ခု)၊ အခြားအထွေထွေ ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၈၃၉ ဒသမ ၅၁၇ သန်း (လုပ်ငန်း ၃၄ခု) ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ် ၁ဝလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့် နိုင်ငံများ စာရင်းတွင် စင်ကာပူနိုင်ငံသည် ထိပ်ဆုံးတွင် ဆက်လက်ရပ်တည်နေဆဲဖြစ်နေသော်လည်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများသည် ယခင်နှစ်ကထက် သိသိသာသာပိုမိုများပြားခဲ့ကြောင်း သိရသည်။
၁၀ လအတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ခဲ့သည့် ထိပ်ဆုံးငါးနိုင်ငံမှာ စင်ကာပူနိုင်ငံ (လုပ်ငန်း ၃၅ ခု၊ ဒေါ်လာ ၁၈၀၇ ဒသမ ၅၇၇ သန်း)၊ တရုတ်နိုင်ငံ (လုပ်ငန်း ၅၆ ခု၊ ဒေါ်လာ ၁၃၇၅ ဒသမ ၃၈၈ သန်း)၊ နယ်သာလန်နိုင်ငံ(လုပ်ငန်း ခြောက်ခု၊ ဒေါ်လာ ၅၃၃ ဒသမ ၉၂၃ သန်း)၊ တောင်ကိုရီးယားနိုင်ငံ (လုပ်ငန်း ၁၂ ခု၊ ဒေါ်လာ ၂၃၇ ဒသမ ၁၄၁ သန်း)၊ ဟောင်ကောင် (လုပ်ငန်း ၁၇ ခု၊ ဒေါ်လာ ၂၁၃ ဒသမ ၂၉၂ သန်း)၊ တို့ဖြစ်ပြီး ၁၀ လအတွင်းနိုင်ငံပေါင်း ၂၃ နိုင်ငံမှကုမ္ပဏီ ၁၈၈ ခု မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁၇၆ သန်း ကျော်ဝင်ရောက်ခဲ့ပြီး ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလကုန်အထိ စုစုပေါင်း ခွင့်ပြုထားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ရ၅ ဒသမ ၂၇၄ဘီလျံ(လုပ်ငန်း ၁၄၃၅ခု) ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေ တွက်ခြေကိုက်မှု၊အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊အမျိုးသားဝင်ငွေနှင့်အခွန်တိုးတက် ရရှိနိုင်မှု၊ပြည်တွင်းပြည်ပ စျေးကွက်အခြေအနေ၊ ပြည်တွင်းစားသုံးနိုင်ရန် လိုအပ်ချက်၊ နည်းပညာဆီလျော်မှု၊ တီထွင် ဆန်းသစ်မှု ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်မှု အစီအမံများ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်ခြင်းနှင့်တည်ဆဲဥပဒေများကို လိုက်နာခြင်းစသည့် အချက်များကို အခြေခံ၍ စိစစ်ခြင်းဖြစ်ကြောင်း သိရသည်။