အိန္ဒိယသို့ ရေနံတင်ပို့ရောင်းချသောနိုင်ငံများတွင် အီရတ်နိုင်ငံ ထိပ်ဆုံးမှဦးဆောင်နေ


19 April, 2018

အီရတ်သည် ဆော်ဒီအာရေဗျ နိုင်ငံကို ကျော်လွန်ကာ အိန္ဒိယသို့ ရေနံတင်ပို့ရောင်းချသည့် နိုင်ငံများအနက်ထိပ်ဆုံးနေရာသို့ ရောက်ရှိလာခဲ့ပြီး လက်ရှိဘဏ္ဍာနှစ်အတွင်း အိန္ဒိယ နိုင်ငံ ရေနံလိုအပ်ချက်၏ ငါးပုံတစ်ပုံ ကျော်ခန့် အထိ ထောက်ပံ့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ပုံမှန်အားဖြင့်မူဆော်ဒီအာရေဗျသည်အိန္ဒိယသို့ရေနံအများဆုံးတင်ပို့သည့် နိုင်ငံဖြစ်သော်လည်း ယခုအခါ ယင်းအစဉ်အလာကို အီရတ်က ဖျက်ဆီးသိမ်းပိုက်လိုက်ပြီဖြစ်သည်ဟု အိန္ဒိယရေနံ ဝန်ကြီးက ပြောကြားခဲ့ပါသည်။

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အတွင်း ဆော်ဒီအာရေဗျသည် အိန္ဒိယသို့ရေနံတန်ချိန်စုစုပေါင်း ၃၀ဒသမ၉သန်းထောက်ပံ့ရောင်းချနိုင်ခဲ့ပြီး အီရတ်အနေဖြင့် တန်ချိန် ၃၈ ဒသမ ၉ သန်းအထိ ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

အီရန်အနေဖြင့်မူ အိန္ဒိယ နိုင်ငံရှိ ဓာတ်ငွေ့လုပ်ကွက် အကောင်အထည်ဖော်ရန် မှာယူထားသည့်ရေနံစိမ်းတင်ပို့မှုနှောင့်နှေးကြန့်ကြာခဲ့သည့်အတွက် ယင်းတင်သွင်းမှုကို အိန္ဒိယက လျှော့ချလိုက်သော်လည်း တန်ချိန် ၁၈ ဒသမ ၄ သန်းဖြင့် အိန္ဒိယသို့ရေနံ တင်ပို့မှု တတိယ အများဆုံး နိုင်ငံစာရင်းတွင် ဆက်လက်ရှိနေမည် ဖြစ်ပြီး ဗင်နီဇွဲလားနိုင်ငံသည် တန်ချိန် ၁၅ ဒသမ ၅ သန်းဖြင့် စတုတ္ထအများဆုံး၊ နိုင်ဂျီးရီးယားသည် တန်ချိန် ၁၄ ဒသမ ၉ သန်းဖြင့် ပဉ္စမနေရာတွင် ရပ်တည်နေကြောင်း သိရှိရပါသည်။

အိန္ဒိယအနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ရေနံစိမ်းတန်ချိန် ၂၀၂ ဒသမ ၈ သန်း၊ ၂၀၁၆-၁၇ ဘဏ္ဍာ နှစ်တွင် တန်ချိန် ၂၁၃ ဒသမ ၉ သန်း တို့ တင်သွင်းခဲ့ပြီး လက်ရှိ ဘဏ္ဍာနှစ် ပထမ ၁၀ လအတွင်း ရေနံစိမ်းတန်ချိန် ၁၈၄ ဒသမ ၄ သန်း တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။

Source: MOI

Global News Export, Import Read 601 times