တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုများတွင် ဖမ်းဆီးခံနေရခြင်း ပြဿနာ


16 October, 2018

တရုတ်နိုင်ငံတွင် လုံခြုံရေးတင်းကျပ်ပြီး အဖမ်းအဆီးများ ပြုလုပ်နေသောကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်၊ သကြား၊ ပြောင်းဖူးစေ့တင်ပို့မှုများကို ရပ်တန့်ထားကြောင်း မူဆယ်ရှိ ကုန်သည်များထံမှ သိရပါသည်။
 

မူဆယ် ကုန်တင်ပို့မှု
တစ်နှစ်အတွင်း နိုင်ငံခြား ပို့ကုန်ပမာဏ စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းအထိ နယ်စပ်ကုန်သွယ်ရေးဖြင့် မူဆည်မြို့မှ တရုတ်နိုင်ငံသို့ ဆန်၊ ပြောင်းဖူးစေ့၊ သကြား၊ ရေထွက်ကုန်များ အပါအဝင် ကုန်ပစ္စည်းများစွာ တင်ပို့ရောင်းချနေသည်။

ထိုသို့တင်ပို့ထားရာတွင် မြန်မာနိုင်ငံက တရားဝင်ခွင့်ပြုထားသော်လည်း တရုတ်နိုင်ငံက ခွင့်မပြုသဖြင့် တရုတ်ကုန်သည်များက တရားမဝင်ဝယ်ယူကြသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးသည် အခြားနယ်စပ် ကုန်သွယ်ရေးစခန်းများထက် ကုန်သွယ်မှု အများဆုံးပြုလုပ်နေပြီး တစ်ရက်လျှင် ကန်ဒေါ်လာ ၁၆ သန်းကျော် ကုန်သွယ်မှုပြုလုပ်နေသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကို ကချင်ပြည်နယ် နယ်စပ်တွင် ကန်ပိုက်တီးနှင့် လွယ်ဂျယ်၊ ရှမ်းပြည်နယ်တွင် မူဆယ်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းများကို ဖွင့်လှစ်ထားသည်။

လက်ရှိတွင် ကုန်သွယ်မှုအများဆုံး ပြုလုပ်နေသည့် မူဆယ်၊ ရွှေလီကုန်သွယ်ရေးလမ်းကြောင်းမှ ကုန်သွယ်မှုပြုလုပ်နိုင်ခြင်း မရှိပေ။

ယခု အောက်တိုဘာလတွင် ရွှေလီမြစ်တစ်ဖက်ကမ်း ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်စပ်တွင် တရုတ်အစိုးရက လုံခြုံရေးထူထပ်စွာချထားခြင်းကြောင့် မြန်မာနိုင်ငံမှ ပို့ကုန်များ တင်ပို့နိုင်ခြင်းမရှိကြောင်း သိရပါသည်။

ဖမ်းဆီးနေမှု
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တင်ပို့နေသည့် ကုန်ပစ္စည်းများ ဖမ်းဆီးမှုကို တရုတ်ဘက်မှ နှစ်လခန့်ကြာသည်အထိ ဖမ်းဆီးဟု တရုတ်နိုင်ငံဘက်မှ လာသည့်သတင်းများကို ကိုးကား၍ မူဆယ်ရှိ ကုန်သည်များက ပြောကြားသည်။

“ သူတို့ဘက်ကတော့ ဝယ်တယ်။ ဒါပေမယ့် ဒီဘက်က ပို့လို့မရတာ။ ဆန်တွေ၊ သကြားတွေက ရွှေလီအထိ အရောက်ပို့ပေးရတာဆိုတော့" ဟု မူဆယ်အဝေးပြေး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ပြောကြားခဲ့ပါသည်။

ယခင်က ဖမ်းဆီးမှု အကြာမြင့်ဆုံးအဖြစ် တစ်လခန့်သာဖြစ်ပြီး ယခုကဲ့သို့ တရုတ်ဘက်မှ အဖမ်းအဆီးများ ပြုလုပ်နေသည့်အတွက် မူဆယ်ကုန်စည်ဈေးကွက်မှာ ရပ်ဆိုင်းနေကြောင်း ကုန်သည်များထံမှ သိရပါသည်။

“ ဒီတစ်ခါက အကြာဆုံးဖြစ်မယ်ထင်တယ်။ အဲဒီလိုကြာမယ်ဆိုရင်တော့ ဒီဘက်က ကုန်သည်တွေ အထိနာနိုင်တယ်" ဟု မူဆယ် ၁၀၅ မိုင်ရှိ ဆန်စပါးကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးကျော်နိုင်က ပြောဆိုသည်။

တရုတ်နိုင်ငံဘက်က အဖမ်းအဆီးများကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ပြုလုပ်နေခြင်းဖြစ်ပြီး ထို့အတွက်ကြောင့် မူဆယ်ဘက်သို့ တက်သည့်ဆန်များ ရန်ကုန်ဘက်သို့ ပြန်ဝင်လာနိုင်သည့်အတွက် ရန်ကုန်သို့ ဆန်အဝင် ပြန်လည် များပြားလာနိုင်ကြောင်း ဆန်ကုန်သည်များက မှတ်ချက်ပြုပါသည်။

ကုန်တင်ကား အဝင်အထွက်
ယခုရက်ပိုင်းတွင် မူဆယ်မြို့သို့ ကုန်တင်ယာဉ်အဝင်၊ အထွက်သည် ၁၂ ဘီး၊ တွဲကားများအပါအဝင် ကုန်တင်ယာဉ်အစီး ၅၀၀ မှ ၇၀၀ ကြားသာရှိကြောင်း ၎င်းကဆိုသည်။ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပုံမှန်ရှိစဉ်က ကုန်တင်ယာဉ်အစီးရေ ၁,၀၀၀ မှ ၁,၂၀၀ အကြား အဝင်၊ အထွက်ရှိသည်ဟု ပြောသည်။

‘‘ဒီရက်ပိုင်းမှာ တင်စရာ ကုန် မရှိတော့ ကားတွေလည်း နည်းသွားတယ်’’ဟု အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း ရှင်များအသင်း (မူဆယ်) ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ပြောသည်။

‘‘ကုန်သွယ်မှု ရပ်နေတော့ လူတွေအတော်အခက်အခဲဖြစ်တယ်’’ဟု ပဲ၊ ပြောင်း၊ နှမ်းကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဒေါ်ဖြူက ပြောသည်။

နယ်စပ်ကုန်သွယ်မှု ရပ်တန့် နေခြင်းကြောင့် ကုန်သည်များ၊ စီးပွားရေး လုပ်ငန်းရှင်များအပြင် ကုန်ထမ်း အလုပ်သမားများ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် များ စားဝတ်နေရေး အခက်အခဲ ဖြစ်ရကြောင်း ကုန်သည်အချို့က ပြောသည်။

မူဆယ် ၁၀၅ မိုင်သို့ ပြည်ပတင်ပို့မည့် ဆန်၊ ပဲ၊ ပြောင်း၊ သကြား၊ ငရုတ်သီး လယ်ယာထွက်ကုန် ကုန်တင်ယာဉ်အစီးရေ တစ်ရက်လျှင် ၈၀၀ ကျော်အဝင်ရှိသော်လည်း တရုတ်နိုင်ငံသို့ တင်ပို့မှုရပ်ဆိုင်းထားသောကြောင့် အစီးရေ ၆၀၀ ခန့်အထိလျော့ကျသွားပြီး တရုတ်နိုင်ငံဘက်မှ မြေဩဇာ၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းကုန်တင်ယာဉ်အစီးရေ ၃၅၀ ဝန်းကျင်ရှိကာ အစီးရေ ၂၅၀ ခန့်အထိ လျော့ကျသွားကြောင်း မူဆယ်အဝေးပြေး ကုန်စည်ပို့ဆောင်ရေးအသင်းထံမှ သိရသည်။

တရုတ်နိုင်ငံ၏ အဖမ်းအဆီးအခြေ အနေများအပေါ် မူတည်၍ မြန်မာနိုင်ငံမှ ကုန်စည်များကို တရားမဝင်တင်ပို့နေရခြင်းနှင့် ပတ်သက်၍ မြန်မာ-တရုတ်နှစ်နိုင်ငံ အစိုးရချင်း တရားဝင်ကုန်သွယ်မှုဖြစ်စေရန် ညှိနှိုင်းဖြေရှင်းပေးသင့်ကြောင်း ကုန်သည်များက ပြောကြားသည်။

ညှိနှိုင်း
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေခြင်းကို ဖြေရှင်းရန် တရုတ်သံရုံးမှတစ်ဆင့် တရုတ်နိုင်ငံကုန်သွယ်ရေး ဝန်ကြီးဌာနသို့ အကြောင်းကြားထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင် ထွန်းက ပြောသည်။

‘‘ဆန်နဲ့ ပြောင်းကို ကိုတာပိုချထားပေးဖို့လည်း ကျွန်တော်တို့ ညှိနှိုင်းနေပါတယ်။ ပြီးတော့ကုန်သွယ်ရေးဇုန် ညွှန်ကြားရေးမှူးနဲ့ တက်ဟုန်းပြည်နယ် နိုင်ငံခြားရေးဌာနနဲ့ ညှိနှိုင်းနေပါတယ်’’ ဟု ဦးရန်နိုင်ထွန်းက ပြောကြားသည်။

 

Export, Import Read 598 times