နောင်ချိုတွင်တည်ဆောက်မည့် သကြားစက်ရုံ


24 December, 2018

နေ့စဉ် ကြံတန်ချိန်တစ် သောင်းနှစ်ထောင်ကြိတ်နိုင်မည့် သကြားစက်ရုံကို ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့တွင် တည်ဆောက်မည်ဖြစ်သည်။နောင်ချိုမြို့နယ်ကုန်းကြီး ရွာမကျေးရွာအုပ်စု အင်းဝိုင်းကျေးရွာအနီး မြေ ၄၉ ဒသမ ၇၅ ဧကပေါ်တွင် ဆင်းရွှေလီသကြား စက်ရုံအမှတ် (၃)ကို ၂ နှစ်တွင်း တည်ဆောက်မည်ဖြစ်သည်။နောင်ချိုမြို့နယ် ကုန်းကြီးကျေးရွာဝန်းကျင်သည် ကြံကိုအဓိကစိုက်ပျိုးသဖြင့် ဒေသခံတောင်သူများစိုက်ပျိုးသည့် ကြံများကိုဝယ်ယူ၍ သကြားစက်ရုံတွင် အသုံးပြုမည်ဖြစ်ပြီး တည်ဆောက်ရေးကာလနှင့် စီမံကိန်း ကာလအတွင်း ဒေသခံများဖြင့် စက်ရုံလည်ပတ်မည်ဖြစ်သည်။

ယင်းစက်ရုံတည်ဆောက်နိုင်ရန် ဒီဇင်ဘာပထမပတ်တွင် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ် ချက်(EIA)နှင့် လူထုတွေ့ဆုံခဲ့ပြီး ဒေသခံများက စက်ရုံတည်ဆောက်ရန် သဘောတူသည်ဟုဆိုသည်။

ပတ်ဝန်းကျင်ထိခိုက်မှုဆန်း စစ်ချက်ကို စီမံကိန်းဧရိယာအတွင်းရှိ အင်ဝိုင်း၊ ထုံးကုန်း၊ ပလောင်ကုန်း၊ ပါဟဲ၊ တဲတိုက်နှင့် တောင်ကျတို့တွင် ပြုလုပ်ခဲ့ပြီး စက်ရုံစီမံကိန်းကြောင့် လေ၊ ရေ၊ မြေနှင့် ဇီဝမျိုးစိတ်များထိခိုက်မှု ကြီးကြီးမားမားမရှိဟု Myanmar Environment Sustainable Conservation (MESC)ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ကျော် သူရက ပြောသည်။

 ‘ဆာဗေးလုပ်ခဲ့သလောက်ကတော့ ပတ်ဝန်းကျင်ထိခိုက်မှု မရှိသလောက်ပဲ။ စက်ရုံဝန်းကျင်ကလည်း ကြံစိုက်တဲ့လယ်မြေတွေပဲရှိတော့’’ဟု ၎င်းကဆက်လက် ပြောကြားသည်။ဆင်းရွှေလီသကြားစက်ရုံ အမှတ်(၃) ကို ငွေရည်ပုလဲကုမ္ပဏီက အကောင်အထည်ဖော်တည်ဆောက်မည်ဖြစ်ပြီး ဆင်းရွှေလီသကြားစက်ရုံ အမှတ်(၁)နှင့် (၂)ကို နောင်ချိုမြို့တွင် တည် ဆောက်ထားသည်။

7day Daily

Local News Read 1960 times