အီတလီရေနံကုမ္ပဏီ Eni က မကွေးတိုင်းအတွင်း ဧက သုံးသိန်းကျော် (၃၂၀,၀၀၀ ခန့်) ရှိတဲ့ ကုန်းတွင်းရေနံလုပ်ကွက်မှာ ရေနံရှာဖွေရေးလုပ်ငန်း လုပ်ကိုင်မယ်လို့ မေလ ၂၀ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
စမ်းသပ်ရှာဖွေမယ့် ကုန်းတွင်းရေနံလုပ်ကွက်ကတော့ RSF-5 ဖြစ်ပြီး ရေနံရှာဖွေရေးလုပ်ငန်းများကို ၂၀၁၉ နိုဝင်ဘာနဲ့ ဒီဇင်ဘာကြားမှာ စတင်ဆောင်ရွက်မယ်လို့ ကုမ္ပဏီက ဆိုထားပါတယ်။
၂၀၂၀ ခုနှစ် ဇွန်လမှာ စမ်းသပ်ရှာဖွေရေးလုပ်ငန်းများ ပြီးစီးမှာဖြစ်ပြီး စမ်းသပ်ရှာဖွေမှု မလုပ်ကိုင်မီ ကုမ္ပဏီဘက်က လေ့လာထားတဲ့ လူမှုဘဝနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုများ ဆန်းစစ်မှုကို ၂၀၁၉ ဇွန်လမှာ ဦးစွာထုတ်ပြန်မှာဖြစ်ပါတယ်။
RSF-5 ရေနံလုပ်ကွက်ကို အီတလီကုမ္ပဏီက ၂၀၁၄ တွင် တင်ဒါရရှိကာ ၂၀၁၅ တွင် မြန်မာအစိုးရနဲ့ သဘောတူညီမှု စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ စမ်းသပ်ရှာဖွေခွင့် ခြောက်နှစ် ရရှိထားတဲ့ အဆိုပါ လုပ်ကွက်အတွက် အီတလီကုမ္ပဏီက ရှယ်ယာ ၉၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ပြည်တွင်း MPEP ကုမ္ပဏီက ရှယ်ယာ ၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခြင်းဖြစ်ပါတယ်။
၎င်းလုပ်ကွက်နဲ့အတူ ပဲခူးတိုင်းရှိ ဧက ၁,၆၀၀,၀၀၀ ကျော်ရှိတဲ့ ကုန်းတွင်းလုပ်ကွက် PSC-k ၊ ဘင်္ဂလားပင်လယ်အော်နဲ့ မုတ္တမပင်လယ်ကွေ့ရှိ MD-2 နဲ့ MD-4 လုပ်ကွက်များလည်း တင်ဒါရရှိခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံး စက်မှုလုပ်ငန်းကုမ္ပဏီစာရင်းမှာ ပါဝင်တဲ့ Eni ကုမ္ပဏီဟာ အီတလီနိုင်ငံ ရောမမြို့အခြေစိုက် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီဖြစ်ပြီး နိုင်ငံပေါင်း ၇၉ နိုင်ငံမှာ လုပ်ငန်းများ ဆောင်ရွက်နေတာဖြစ်ပါတယ်။
7Day Daily